အခန်း (၄)

52 13 0
                                    

Unicode

အခန်း ၄။ ထျန်းရှသီယိ
_____________

အောက်ထပ်ရောက်သည်၌ လီစစ်မင်က ချောင်ကျကျစားပွဲလွတ်တစ်လုံးမှာရွေးထိုင်လိုက်သည်။ ခဏအကြာ၌ စားပွဲထိုးလေးတစ်ယောက်ရောက်လာ၏။

"ဘာစားချင်ပါသလဲ သခင်လေးတို့။"

လီစစ်မင်က ရန်ဝမ်ရှုကိုကြည့်ကာမေးသည်။

"မင်း ဘာစားမလဲ?"

"ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။"

ရန်ဝမ်ရှုကပြန်ဖြေသည်။ လီစစ်မင်က ခေါင်းငြိမ့်လိုက်ပြီးနောက်စားပွဲထိုးကိုပြောလိုက်သည်။

"ခေါက်ဆွဲနှစ်ပွဲနဲ့ဖက်ထုပ်တစ်ပွဲ။"

"ကောင်းပါပြီ။"

စားပွဲထိုးလေးက ချက်ချင်းထွက်သွားသည်။ မကြာမီမှာပင် ပူပူနွေးနွေးခေါက်ဆွဲနှစ်ပန်းကန်နှင့်ဖက်ထုပ်တစ်ပန်းကန်ရောက်လာသည်။

နေ့လယ်စာစားပြီးနောက်မှာတော့ လီစစ်မင်က တည်းခိုခန်းပိုင်ရှင်ထိုင်နေသည့်ကောင်တာနားသွားကာဆိုသည်။

"လောပန်၊ အခန်း ၆၊ ၇၊ ၈ကလူတွေဆင်းလာရင် ကျွန်တော် အပြင်ထွက်သွားတယ်ဆိုတာနဲ့ ဒီနေ့လည် သူတို့ သွားချင်တဲ့နေရာသွားလို့ရတယ်ဆိုတာပြောပေးပါ။"

တည်းခိုခန်းပိုင်ရှင်ကခေါင်းငြိမ့်သည်။

"ကောင်းပါပြီ။"

ရန်ဝမ်ရှုက လီစစ်မင်နှင့်အတူပါလာသည်။ သူနဲ့ပတ်သက်ပြီး လီစစ်မင်လည်း ဘာမှမတတ်နိုင်သည်မို့ နောက်မှလိုက်လာခွင့်သာပြုထားရ၏။ လီစစ်မင်က မြို့ထဲခဏလောက်လျှောက်ကြည့်နေပြီးနောက် တစ်နေရာမှာရပ်သွားသည်။

ရန်ဝမ်ရှုက လီစစ်မင်ကြည့်နေရာဆီလိုက်ကြည့်လိုက်သည်။ အတော်လေးချောင်ကျသည့်နေရာတွင်တည်ဆောက်ထားသည့် ဆိုင်အိုတစ်ဆိုင်ပင်။ ဘေးပတ်ဝန်းကျင်မှခမ်းနားလွန်းသည့်ဆိုင်များကြား တစ်ဆိုင်တည်းကွဲထွက်နေကာ ဝယ်သူလည်းမရှိပေ။ အပြင်ပန်းအရကြည့်လျှင်တော့ ထိုဆိုင်မှာအထင်ကြီးလောက်စရာမရှိပါချေ။

လီစစ်မင်က ထိုဆိုင်ဆီလျှောက်သွားသည်မို့ ရန်ဝမ်ရှုလည်း နောက်မှကပ်ပါလာ၏။ လီစစ်မင်က ဆိုင်ရှေ့မှာရပ်ကာ ဆိုင်းဘုတ်ကိုမော့ကြည့်သည်။

The Greatest Villain Where stories live. Discover now