{Unicode}အခန်း(၂၅)
ကျန်းလျို့ရှဲန်း၏ အပြောကောင်းမှု အရင်းပြုကာ သုံးရက်အကြာတွင် လီလော့သည် သွမ့်မင်ယန်နှင့်အတူ ပြည်မကြီးဘက် ပြန်ဖြစ်ခဲ့ရတော့သည်။ သူသည် မျက်နှာပြောင်ပြောင်နှင့် တစ်နေ့လုံးလိုလို သွမ့်မင်ယန် အနားမှာသာ ပူးကပ်၍နေ၏။
"တစ်ပတ်တည်းလား ?"
သွမ့်မင်ယန်သည် ကျောတွင်လွယ်ထားသည့်အိတ်ကို ချလိုက်ကာ
"ဒီနွေရာသီပိတ်ရက်တစ်လျှောက်လုံး နားပူနားဆာလုပ်ပြီး ငါ့အနား တွယ်ကပ်နေမယ် ထင်နေတာ"
လီလော့သည် ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ချကာ ခရီးဆောင်အိတ်အတွင်း ပြည့်ကျပ်နေအောင်ထည့်ထားသည့် ပစ္စည်းတွေကို တစ်ခုချင်းစီ ယူထုတ်နေသည်။ သွမ့်မင်ယန်၏ စကားကို ကြားလိုက်ရသည့်အခါ မော့ကြည့်ပြီး
"ငါသာ အကြာကြီး ဒီမှာပဲ နေနေရင် ငါ့ အဖေက လာရှာလောက်တာမို့လေ"
"မင်း အဖေကို ကလန်ကဆန်လုပ်နေတာ မဟုတ်ဘူးလား .. ခုကျမှ ဘာလို့ အရမ်းကြောက်တဲ့ပုံနဲ့ ပြောနေတာလဲ ?"
"ငါ သူ့ကို ကြောက်တယ်လို့ ဘယ်သူပြောလဲ ?"
လီလော့သည် လည်ပင်းကို ဆန့်ထားကာ လေသံကျယ်ကျယ်နှင့် အော်ပြောသည်။ ထို့နောက် တဖန် လေသံပြန်တိုးသွားကာ ဗလုံးဗထွေးနှင့် ဆိုလာ၏။
"သူက မင်းကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မှာစိုးရိမ်လို့ .... "
လီလော့အတွက် အရာအားလုံးမှာ အရမ်းကို ထူးဆန်းနေသည်။ သွမ့်မင်ယန်ကို မကြိုက်ခင်တုန်းက သူ့တွင် မပြောရဲသည့် စကားဟူ၍ မရှိ။ နားရှက်ဖွယ်ရာသော စကားမျိုးကိုပင် အရှက်မရှိ ပြောထွက်ရဲခဲ့သမျှ ခုတော့ဖြင့် အသေးအမွှားကိစ္စလေးအတွက်ကိုပင် အရှက်ပိုနေရ၏။
သွမ့်မင်ယန်ကို ပိုးပမ်းနေခြင်းကဖြင့် မအောင်မြင်သေး။ သူ့မှာတော့ ဤအခြေအနေထိတိုင် ကျရောက်သွားရရှာလေပြီ။ ပြောစရာရှိသည်ကို မပြောဘဲ ရှက်ရွံ့နေသည်က အသုံးမဝင်ကြောင်းကို သူလည်း နားလည်ပါ၏။ ကျန်းလျို့ရှဲန်းဆီမှ မျက်နှာပြောင်ပြောင်နှင့် ဇာတ်လမ်းတစ်ပုဒ်ကို ကောက်ဆင်ကာ ပြောနိုင်သည့် ပညာအား သူလည်း သင်ယူထားသင့်သည်။
YOU ARE READING
After Dawn{မြန်မာဘာသာပြန်}
RomanceTitle: After Dawn (黎明之后) Author: Bing Kuai'er (冰块儿) Status: Completed with 87 chapters Translation Status: Ongoing *** I do not own this story. All the credits go to the original author, publisher and translator. *** "မင်း ငါ့ကို မချစ်ဘူးဆိုတာ လက်ခံ...