ဆရာ့ကို မေတ္တာမျှနေပြီ ထင်ပါရဲ့တဲ့ တကယ်ကိုရိုးရှင်းတဲ့စကားလေးပါပဲ...
မေတ္တာမျှနေပါပြီလို့တောင်တိတိကျကျမပြောရဲတဲ့ အိမ်ရှေ့စံလေးက ချစ်ခြင်းမေတ္တာဆိုတာကို အခုမှထိတွေ့ဖူးမှန်း သိသာစေတဲ့ စကားလုံးလေးပေါ့
မျက်လွှာလေးကိုချထားပြီး ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ အိမ်ရှေ့စံရဲ့ လက်ဖျားလေးတွေက အေးစက်လို့....
ညလေအေးကြောင့်ပဲလား ဖွင့်ဟဝန်ခံချက်ကြောင့်ပဲလား...သေချာတာကတော့ အိမ်ရှေ့စံလေးကို ကျွန်တော်ထွေးပွေ့ထားမှ ဖြစ်မည်...
ဒီအန္တရာယ်များပြီး စိုးထိတ်စရာတွေနဲ့ပြည့်နေတဲ့ လောကကြီးထဲမှာ ဖြူစင်တဲ့အိမ်ရှေ့စံလေးကို ထွေးပွေ့ရင်း ကာကွယ်ပေးရမည်...
သူ့ရဲ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူးဆိုတဲ့ အထီးကျန်ခံစားချက်ကြီး မဝင်ရောက်လာစေဖို့ အတတ်နိုင်ဆုံးနွေးထွေးပေးရမည်...
သိပ်လှပလွန်းတဲ့ အိမ်ရှေ့စံငယ်... ဒီရက်စက်လွန်းတဲ့ လောကကြီးအဖို့တော့ အရှင်က သိပ်ကိုအဖိုးတန်လွန်းလှပပါတယ်...
ဒါပေမယ့် အိမ်ရှေ့စံငယ်... အရှင့်ကို ကာကွယ်ဖို့ကြိုးစားေနတဲ့ ကျွန်တော်က အခုမှ ချစ်ခြင်းမေတ္တာကိုထိတွေ့ဖူးတဲ့လူချင်းအတူတူ အိမ်ရှေ့စံလောက်တောင် ဖွင့်ပြောနိုင်တဲ့ သတ္တိမရှိဘူး...
ဘယ်ေလာက်တောင် သတ္တိကြောင်လိုက်သလဲ...အရှင်ရဲ့ မေတ္တာတရားတွေကလည်း ကျွန်တော့်လိုလူအတွက် မထိုက်တန်လှပါဘူး...
တင်းကြပ်စွာ ထွေးပွေ့ထားရင်း အိမ်ရှေ့စံကိုပြောမထွက်သော စကားတို့အား မျက်ရည်စတို့ဖြင့် ပုံဖော်နေမိသည်...
မိဘတွေကို ဆုံးရှုံးလိုက်ရပြီးနောက် ဒုတိယအကြိမ် မျက်ရည်စတို့ကျဆင်းလာခြင်းပင်...
"ဆ.. ဆရာ?"
ရင်ခွင်ထဲမှထွက်ပေါ်လာသော အသံတိုးတိုးလေးကြောင့် ထွေးပွေ့ထားသော လက်တို့အား ဖြေလျော့ပေးလိုက်သည်
"စိုးရွံ့မိပါတယ် အိမ်ရှေ့စံ ကျွန်တော်ဒီလိုရိုင်းပြဖို့မရည်ရွယ်ခဲ့ပါဘူး... ကျွန်တော့်ကို ခွင့်ပြုပါဦး"