ညနေလေးနာရီသာရှိသေးသော်ငြားလည်းကောင်းကင်တစ်ခွင်ကား အမှောင်ထုကြီးစိုးလျက်ရှိနေလေသည် ။ အပြာရောင်မိုးသားပေါ် အုံ့မှိုင်းကြီးစိုးလာသည့် မီးခိုးရောင်တိမ်စိုင်တိမ်လိပ်များက ပြိုတော့မည့်မိုးရဲ့ရှေ့ပြေးတမန်တော်များအလား ။
မကြာခင်မိုးရွာတော့မှာ ။
တိမ်စိုင်မည်းတွေကို လက်ရာမြောက်ပန်းချီကားတစ်ချပ်အလားမော့ကြည့်နေမိသည့်အလုပ်ကို အချိန်အနည်းငယ်ကြာအောင်လုပ်ပြီးသည့်နောက် သူသက်ပြင်းခပ်ဖွဖွချလိုက်မိသည် ။
အဓိပ္ပာယ်မဲ့သည့်လုပ်ရပ်ကိုလုပ်နေမိသည့်အကြောင်းပြချက်က သူနှင့်တစ်ပေအကွာလောက်မှာ ကျောက်ရုပ်ပမာရပ်နေခဲ့သည့်ထိုယောင်္ကျားကြောင့်လည်းဖြစ်နိုင်ပေလိမ့်မည် ။ တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး တစ်ချက်တစ်ချက် နားထဲတိုးဝင်လာသည့်ထိုယောင်္ကျား၏ သက်ပြင်းရှိုက်သံသဲ့သဲ့ကတောင် သူ့ကိုဒီနေရာကထွက်ပြေးသွားဖို့တွန်းအားတွေပေးနေခဲ့သည် ။
သူစိတ်တည်ငြိမ်ဖို့တစ်ခုခုအကူအညီလိုအပ်နေပြီ ။ မဟုတ်ရင်သူ့ရဲ့ဒီလမ်းကြားထဲကနေ လေအလျင်ဆိုထွက်ပြေးပျောက်ကွယ်သွားချင်တဲ့စိတ်ကိုအကောင်အထည်ဖော်မိတော့မှာ ။
တွေ့ရာကောက်ဆွဲဝတ်ခဲ့သည့် ဂျာကင်အင်္ကျီထဲက စီးကရက်တစ်လိပ်ကိုနှုတ်ခမ်းထက်အလျင်အမြန်ကိုက်ခဲပြီးနောက်မှ သူသိလိုက်ရတာက မီးခြစ်မပါခဲ့ဘူး ။
'ခဏတွေ့ကြရအောင် ပြောစရာရှိတယ် ' ဆိုတဲ့စာတိုတစ်စောင်တည်းနဲ့တင်ကို သူ့မှာသတိလက်လွတ်ပြေးထွက်လာခဲ့မိတာ စိတ်လွတ်နေသူတစ်ယောက်လိုပဲ ။ မိုးရွာမှာသိရက်နဲ့ထီးမယူလာခဲ့မိမှတော့ မီးခြစ်လောက်ကတော့ သတိရနေဖို့ဆိုတာသူ့ဦးနှောက်အတွက် ခက်ခဲသွားပုံပင် ။
"မီးခြစ်ပါလား "
နာရီဝက်နီးပါးတိတ်ဆိတ်မှုကိုဖြိုခွင်းသွားသည့် ပထမဆုံးသောစကားတစ်ခွန်း ။
"ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူးလေ ဂျွန်း. . . "
"အာ. . . sorry "
ဘေးတိုက်မြင်နေရသည့် ခပ်ချောချောမျက်နှာကိုတစ်ချက်မျှငဲ့ကြည့်မိပြီးနောက် သူ့အကြည့်တွေကိုရှေ့တူရူကိုသာပြန်ပို့ထားလိုက်သည် ။
YOU ARE READING
𝑂𝑝𝑒𝑛𝑖𝑛𝑔 𝑆𝑒𝑞𝑢𝑒𝑛𝑐𝑒 •YeonBin•
RandomThis scene that locked me up , the sequence that's like forever . . .