"ဘယ်သူကပို......"

166 14 0
                                    

ဒီလိုအစောကြီးထွက်သွားလို့ရလား။ ငါခွင့်မပြုဘူး။ ငါခွင့်မပြုဘူးလို့။
...........
လူတိုင်းကငိုချဖို့ပြောကြတယ်။ ဒါအဆုံးသတ်မဟုတ်ဘူးလို့ ကိုယ့်ဘာသာတိတ်တိတ်ရေရွတ်ရင်း အရေးပေါ်ခန်းထဲက ထုတ်လာတဲ့ပိတ်ဖြူအုပ်ထားတဲ့သူ့ကို ဖွင့်လို့တောင်မကြည့်ခဲ့ဘူး။ သူ့အနားမှာ ငိုနေကြတဲ့ သူငယ်ချင်းတွေ သူ့မိဘတွေ။ အဲ့အနောက်ဆုံးမှာ မလှုပ်မယှက်ထိုင်နေခဲ့တဲ့ သတို့သမီးဝတ်စုံနဲ့ကျွန်မက ခုထိမျက်ရည်မကျသေးဘူး။ နာရေးတစ်လျှောက်လုံး။ ဟင့်အင်း။ မဟုတ်ဘူး။ ကုသမှုခံယူခိုင်းတုန်းကရော။ နိုင်ငံကိုစွန့်ခဲ့တုန်းကရော ကျွန်မ မငိုခဲ့ဘူးပဲ။
............
ချာတိတ် ဒီမှာ မင်းသော့ပြုတ်ကျခဲ့တယ်ဆိုပြီး ပုခုံးကိုတို့လို့လာပြောတဲ့ ကောင်မလေးတစ်ယောက်။ Sorry ကျွန်မထက်ငယ်တယ်ထင်လို့ပါ မမတဲ့။ ပြုံးမိတယ်။ ကိုယ်သာအိမ်ထောင်ပြုဖြစ်ခဲ့ရင် သူ့အမေနဲ့ရွယ်တူလောက်ရှိမဲ့ အန်တီအရွယ်ဆိုတာကို။ ခုခေတ်ကလေးတွေ ဘာဆေးစားကြီးကြတယ်မသိဘူး။ ထွားလိုက်ကြတာဆိုတာ။ ခု ရှေ့က ကောင်မလေးကလည်း ကိုယ့်ထက် ခေါင်းတစ်လုံးသာတယ်။ အမှန်က ကိုယ့်အရပ်ကလည်း မရှည်ဘူးရယ်။ သူငယ်ချင်းတွေကြား ကိုယ်က အသေးဆုံး။ အပုဆုံး။ ၅ပေ ၃ လက်မဆိုတာအရမ်းတော့လည်း မပုဘူးမလား။ သူတို့ကိုက ကြီးထွားလွန်းနေကြတာကို။
.............
ပြန်ရောက်ရောက်ချင်းမလာလို့ပွားနေတဲ့ သူငယ်ချင်းအပျိုကြီးကို ဘယ်လိုမှ ချော့မရတဲ့အဆုံး အတင်းဖက်နမ်းပြစ်လိုက်တော့မှ ပြုံးစိစိနဲ့ တော်စမ်း။ ရပ်ရပ်လို့ ပြောတဲ့အသံနဲ့ ရှေဆင့်နောက်ဆင့် အဲ့ဒါဘာဖြစ်နေတာလဲ ဆိုပြီး လည်ချောင်းသံကြီးနဲ့ ထအော်လိုက်သံကြောင့် ရုတ်တရတ်လန့်တောင်သွားမိရဲ့။ ကြောင်တောင်တောင် လှည့်ကြည့်မိလိုက်တော့။ အသက်သာကြီးလာတယ် စိတ်ကကြီးမလာဘူးဆိုပြီး သူ့အဒေါ်နဲ့ ကျွန်မကြားဝင်ထိုင်တဲ့ ချာတိတ်။ ဟုတ်ပ ချာတိတ်လို့ သူကစခေါ်ပြီး သူကမှ ကိုယ့်ရဲ့ချာတိတ်ဖြစ်နေတာ။ ဟုတ်တယ် ကိုယ့်ရဲ့ချာတိတ်ပေါ့။ သူ့အဒေါ်အရင်းဖြစ်သူနဲ့တောင်မှလေ။ သဝန်တိုနေတာက ချစ်ချင်စရာကြီး။
............
ချာတိတ်ကို သူငယ်ချင်းတူမ လို့ ဘယ်ထင်ပါ့မလဲ။ ဖွင့်ထားတဲ့ Coffee Shop, Fashion Shop, Beauty Slooon, Music Instruments Shop တစ်ခု မှ မလွတ်ဘဲ သူအားလပ်ချိန်ရတိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ တကောက်ကောက်လိုက် ပိုင်စိုးပိုင်နင်းဆန်ဆန် လိုက်ကန့်သတ်နေတော့တာ။ ကိုယ် စိတ်တို စိတ်ရှုပ်လာလို့ အော်လိုက်ရင် မျက်နှာငယ်လေးနဲ့ ချောင်တစ်ချောင်က စားပွဲဝိုင်းမှာ မျက်ရည်တွေဝဲပြီး ခေါင်းကြီးငုံ့ထိုင်နေတော့တာ။ တစ်နေကုန် ဘယ်သူ့မှစကားမပြောတော့ဘူး။ လာချပေးသမျှ မတို့ဘဲ ကိုယ်လာမချော့မချင်းကို ဆန္ဒပြနေတော့တာ။ ကိုယ်ကလည်း ချာတိတ်ကိုမှ မနိုင်တော့တာပဲ။ သူနဲ့မှ လျှော့ရတာ လျှော့ရတာဆိုတာ ဘယ်မာနမှကို မကျန်တော့ဘူး။ ဘယ်စည်းကမ်းမှလည်း မကျန်တော့ဘူး။ အဲ့ရက်က ကိုယ့်ကို အကပ်လွန်ပြီး ကားယူသွားတဲ့ ချာတိတ်သူငယ်ချင်းက အချိန်မီ ပြန်လာမကြိုနိုင်တော့ဘူးဆိုလို့ အိမ်ပြန်လိုက်ပို့မှ ချာတိတ်က ကိုယ့်သူငယ်ချင်း အရင်းကြီးရဲ့တူမဖြစ်နေလေရဲ့ ဆိုတာသိရတယ်။ ကိုယ်လည်းမထင်ထားဘူးလေ။ ကိုယ့်ကိုမြင်တော့ လန့်ပြီး အံ့သြသွားတဲ့ သူငယ်ချင်းရဲ့ ပုံစံက တကယ်ကိုချစ်ဖို့ကောင်းတယ်။ ချာတိတ် ချောတာ လှတာ ခန့်ညားတာ သိပ်မဆန်းတော့ပါဘူး။ သူတို့ကတစ်မျိုးလုံးလှတာ။ အရပ်ကလည်း international high တွေလေ။
..........
နင်ဘာလို့အဆက်အသွယ်ဖြတ်ခဲ့ရတာလဲ။ နေနိုင်လိုက်တာဆိုတဲ့စကားနောက်။ ကိုယ်လည်း အသံတွေတိတ်ခဲ့ရတယ်။ အပြစ်မတင်ဘူးဆိုပေမဲ့ ပြန်လာပြီးနောက်တောင် မဆက်သွယ်တာကိုတော့ သူစိတ်ဆိုးမယ်လည်း ဆိုးလောက်စရာ။ ကိုယ်ကလည်း ကိုယ့်အနာနဲ့ကိုယ်။ ကိုယ့်ဒဏ်ရာနဲ့ကိုယ်။ နင် တစ်ယောက်တည်းပဲလား။ မမေ့နိုင်သေးဘူးလားဆိုတော့ နာနာကျင်ကျင်နဲ့ပြုံးမိပြန်တယ်။ ချစ်ပြီးရင် မေ့လို့ရလား။
..........
မရဘူးနော်။ မရဘူးလေ အရူးရဲ့။ ဘယ်နှစ်ခါထိလဲ။ ဘယ်နှစ်ခါထိတောင်မှလဲ။ မလုံလောက်သေးဘူးလား။ မလုံလောက်သေးဘူးလားလို့။ ငါ့ကို ဒီတစ်ခေါက်လေး။ ဒီတစ်ခေါက်လေးပဲ အခွင့်အရေးပေးပါ။ ငါ နင့်တစ်ယောက်တည်းပဲ ချစ်ခဲ့တာ။ နင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာလေ။ ပြန်လာခဲ့။ ပြန်လာခဲ့လို့။
........
မိန်းကလေးချင်းမှ ချစ်နိုင်ရင် ဘာလို့ ငါက ရော မဖြစ်နိုင်ရတာလဲ။ နင့်တစ်ယောက်တည်းကိုပဲ ငါစောင့်နေခဲ့တာဆိုတဲ့ သူငယ်ချင်းကိုလည်း အားနာလွန်းလို့။ အားနာရလွန်းလို့။ သူငယ်ချင်းရဲ့အစ်မ၊ ချာတိတ်အမေက ငါကြောက်နေခဲ့တာ။ ဒီလိုတွေဖြစ်မှာ ငါကြောက်နေခဲ့လို့ အချိန်မီလာခဲ့တာတောင်မှလေ။ ထွက်သွားပေးပါ။ အမေတစ်ယောက်အနေနဲ့ အတ္တကြီးပါရစေ။ တစ်ခါလောက်လေးပဲ။ တစ်ခါလောက်လေးပါပဲ။ နင်နာကျင်ရမယ်မှန်းသိပါတယ်။ ဒါပေမဲ့ ငါ့ သမီးလေးရဲ့အသက်က ငယ်ငယ်လေးရှိသေးတယ်။ သူစိတ်ကစားတာနေမှာပါ။ ပြီးတော့ မိန်းကလေးချင်းလေ။ မိန်းကလေးချင်းပဲဟာ။ ဘယ်သူမှ မနစ်နာကြပါဘူး ဟုတ်တယ်မလား။ ဆိုတဲ့စကားနောက်။ ချစ်ခြင်းမေတ္တာမှာ ခွဲခြားခြင်းတွေ၊ သာခြင်း နာခြင်းတွေတွက်လို့ရသလား ဆိုတဲ့အကြောင်း။ မိန်းကလေးချင်းဆိုတာထက် သူမို့ ချာတိတ်ကိုမို့ ချစ်ခဲ့မိတာပါဆိုတဲ့အကြောင်း။ ပိုချစ်တဲ့သူက ပိုနာကျင်ရမယ်ဆိုရင် ချာတိတ်ကော ကိုယ်ကောက နာကျင်မှုတွေ ထပ်တူကျနေခဲ့တယ် ဆိုတဲ့အကြောင်းကို ကိုယ့် ရင်ထဲမှာပဲ အကြိမ်ကြိမ်ပြောခဲ့မိပါရဲ့။
...........
တူညီတဲ့ဖြစ်ရပ်ကို ဘဝမှာ ဘယ်နှစ်ခါကြုံရနိုင်လဲ။ ဒီတစ်ခါလည်း ငါ့မှာ သတို့သမီးဝတ်စုံနဲ့။ မတူတာဆိုလို့ သတို့သမီး ဝတ်စုံက ကိုယ့်ချစ်သူအတွက်ရည်ရွယ်ခဲ့တာမဟုတ်တာရယ်၊ အဝတ်ဖြူကို ဆွဲလွှင့်ပြစ်ပြီး ချာတိတ်ရင်ဘတ်ကို တဒုံးဒုံးထုငိုနေတာရယ်ပဲ။ မရဘူးနော်။ မရဘူးလေ အရူးရဲ့။ ဘယ်နှစ်ခါထိလဲ။ ဘယ်နှစ်ခါထိတောင်မှလဲ။ မလုံလောက်သေးဘူးလား။ မလုံလောက်သေးဘူးလားလို့။ နင်ပဲ ရင်ကွဲနာ ကျတတ်တယ်ထင်နေတာလား။ ငါ့ကို ဒီတစ်ခေါက်လေး။ ဒီတစ်ခေါက်လေးပဲ အခွင့်အရေးပေးပါ။ ငါ နင့်တစ်ယောက်တည်းပဲ ချစ်ခဲ့တာ။ နင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာလေ။ ပြန်လာခဲ့။ ပြန်လာခဲ့လို့။ နင်ချည်းထွက်ထွက်သွားပြီး ငါ့ကိုချန်ခဲ့တာ။ ဒီတစ်ခါ ငါ မစောင့်ဘူး။ တကယ် ငါမစောင့်တော့ဘူး။ ပြန်လာခဲ့ပါချာတိတ်ရယ်။
........
ချာတိတ်ကိုယုံလို့ ချာတိတ်လာခေါ်မယ်လို့ယုံလို့ ခန်းမထဲထိ ချာတိတ်တစ်ယောက်တည်းကို ယုံပြီးလျှောက်ခဲ့ပေမဲ့။ ချာတိတ်က ဒီတစ်ခါ သူ့စီလာဖို့ အရောက်ခေါ်ခဲ့လေရဲ့။ ဘယ်သူပိုချစ်ခဲ့လဲ မမေးပါနဲ့ အားမစမ်းပါနဲ့။ ချစ်လွန်းလို့ ဘဝကူးပြီးတာတောင် နောက်ဘဝထိ တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တဲ့သူရယ်။ ဒီဘဝတစ်ခုတည်းမှာပဲ ဒီတစ်ယောက်တည်းကိုပဲ နှစ်ခါချစ်ခဲ့တဲ့သူရယ် ဘယ်သူက ပိုခဲ့လို့လဲ။ ဘယ်သူက လိုခဲ့လို့လဲ။
...........
တစ်ခါတလေ ဘယ်လိုရှင်းပြရမယ်မှန်း မသိတော့ဘူး။ ရစ်တာ ရစ်တာဆိုတာ ချာတိတ်က။ ကိုယ်မှာ ချစ်ခဲ့ဖူးတာ ဆိုလို့ သူ့တစ်ယောက်တည်းကို အရင်ဘဝက သူနဲ့ အခုဘဝကသူ ဘယ်သူ့ပိုချစ်လဲတဲ့။ ကျွန်မဘယ်လိုဖြေရမလဲ။ ပြောပြကြပါဦး။ အယ် - ရှင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာလေ ဆိုတာကို။ မတူဘူးလေ။ အရင်ဘဝက ယောက်ျားလေး အခုဘဝက မိန်းကလေးလေ တူမှမတူတာတဲ့။ ကိုယ့်မှာတော့ သူ့တစ်ယောက်တည်း ဖြစ်မှာစိုးလို့ နောက်ဘဝကို အမြန်ပြန်လာခဲ့ရတာ။ သူကျ ချစ်တယ်ပြောပြီး နောက်တစ်ယောက်နဲ့ ယူဖို့တောင်လုပ်တာ မိန်းကလေးမို့လို့လားတဲ့လေ။ မိန်းကလေးဖြစ်လည်း ချစ်နေတာပဲလေ ကျွန်မရဲ့ အရာရာကို ရှင်ပဲပိုင်ဆိုင်နေတာလေ လို့ ဆိုတော့။ ဒါဆို အရင်ဘဝက ကိုယ့်ကိုကျ သိပ်မချစ်ခဲ့ဘူးပေါ့ တဲ့။ ကူရှင်းကြပါဦး။ စကားကြွယ်လွန်းပါတယ်ဆိုတဲ့ ကျွန်မ၊ ချာတိတ်ရဲ့ ရစ်လုံးတွေကြား တစ်ခါတလေ စကားလုံတွေပျောက်လွန်းလို့ ရီလို့သာနေမိတော့ရဲ့။ ဘယ်လိုမှ ချော့လို့ မနိုင်တော့ရင်တော့ အတင်းဖက်နမ်းပြစ်လိုက်တော့တာပဲ။ အဲ့အချိန်ကျ ဒီအဆင်နဲ့ ဒီအဆင်ကို ချာတိတ်ခမျာက မရုန်းနိုင်ရှာလို့ လက်ခံရတဲ့ပုံစံနဲ့ သိပ်အနိုင်ကျင့်တာပဲ ဒီကလည်း အနိုင်ကျင့် မခံချင်ရှာတော့၊ သိပ်မကြိုက်တော့ လေ။ အဲ့လိုမျိုးများများ အနိုင်ကျင့်။ ရပါတယ်။ လက်ခံပါတယ်လို့ တဲ့။ ပြုံးစိစိမျက်နှာနဲ့ပြောရှာတယ် ချာတိတ်က။ ကျွန်မကြောင့် နစ်နာရရှာတယ် ချာတိတ်ခမျာမှာ။ ဝဋ်ဆိုတာ နောက်ဘဝ မကူးဘူးတဲ့။ ဟုတ်မယ်။ ကျွန်မမှာ ဝဋ်ကြွေးတွေ ဆက်နေရတယ်။ ဒါပေမဲ့ ဝဋ်ကြွေးလေးက လှတယ်။ ဝဋ်ကြွေးလေးက မကြေချင်လောက်အောင် ချစ်စရာကြီး။ ချစ်ဖို့ကောင်းနေမှုကြီး။
...............
"ဘယ်သူကပို......"

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now