"မျက်ရည်သိမ်းရာ ရင်ခွင်ငယ်............"

85 11 0
                                    

(One Short)
မိုးရာသီကို အရမ်းသဘောကျတာ။ ဒီလိုအချိန်မျိုး မိုးအေးအေးလေးနဲ့ မှန်ပြတင်းကနေစီးကျနေတဲ့မိုးရေစက်ကလေးတွေရယ်၊ ကော်ဖီတစ်ခွက်ရယ်၊ သီချင်းသံငြိမ့်ငြိမ့်လေးရယ် ဘယ်လောက်တောင် ငေးလို့ ဆွေးလို့ကောင်းတဲ့ မြင်ကွင်းလဲ။ ခြံဝန်းလေးထဲက အပင်တွေကလည်း အုံ့အုံ့ဆိုင်းဆိုင်းနဲ့မို့ ပတ်ဝန်းကျင်က စိမ်းစိမ်းစိုစို။ ဆိုင်ခန်းလေးက လမ်းမကနေ နည်းနည်းလျှောက်ဝင်ရတာမို့ ကားသံစက်သံတွေက တိုးတိုးသာကြားရတယ်။ ဒီလို မိုးရွာနေပုံမျိုးနဲ့ဆို မိုးသံကြောင့်  လမ်းပေါ်က အသံတွေက မကြားရသလောက် ။ ငြိမ့်ငြိမ့်အေးအေး သီချင်းသံလေးကို နားထောင်ရင်း ကော်ဖီကို အရသာခံသောက်လို့ ငေးနေမိတဲ့ကိုယ်။ တွေးနေရင်းကိုယ့်ကိုကိုယ်လည်း ပြုံးမိသား။ ဆွေးနေငေးနေတဲ့ ကိုယ်က ဆွေးစရာ ငေးစရာက အမှန်ကလည်း မရှိဘူးရယ်။ အလုပ်ကြောင့်သာလာရတယ်။ အဆင်ပြေပါ့မလား တွေးပူမိပေမဲ့ Company   က စီစဉ်ပေးတဲ့ အဆောင်နေရာလေးက တသီးတသန့်ဆန်ဆန်နဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်လေး။ ကားဂိတ်ကနေတိုက်ခန်းကို လိုက်ပို့ရင်းက ကားပေါ်ကနေတွေ့ခဲ့တဲ့ ကော်ဖီ ဆိုင်လေး။  “ B U Coffee and Book Shop” ဆိုတဲ့ Signboard လေးကြောင့်သာ ကော်ဖီဆိုင်မှန်းသိရတယ်။ နေရာလေးက ခြံဝန်းလေးထဲမှာ အပင်လေးတွေ အုံ့အုံ့ ဆိုင်းဆိုင်းလေးနဲ့မို့  ကော်ဖီကြိုက်ပြီး စာအုပ်တွေကို ချစ်တတ်တဲ့ ကိုယ်က တစ်ရက်လောက်တော့ အေးအေး ဆေးဆေး  လာထိုင်သောက်ဦးမယ်လို့ တွေးထားပေမဲ့ မြို့ကိုရောက်ပြီး တစ်လ ကြာမှသာ ဒီဆိုင်ကို ရောက်ဖြစ်ခဲ့တာ။ 
ချွင် ချွင် ချွင် ဆိုတဲ့ မြည်သံနဲ့အတူ ကော်ဖီဆိုင်လေးရဲ့မှန်တံခါးက ပွင့်သွားပြီး…..
“Shit!  အကုန်စိုကုန်ပြီ ဘာလို့အဲ့လောက်ရွာနေမှန်းမသိဘူး။” ဆိုတဲ့ အသံသြရှရှလေးကြောင့် ခေါင်းစောင်းကြည့်မိတော့ ဆံပင် ကုတ်ဝဲနဲ့အ မျိုးသမီးတစ်ယောက် ခေါင်းငုံ့ပြီး အဝတ်ပေါ်က မိုးရေတွေကို ခါနေလေရဲ့။ အသားကတော့ အတော့်ကို ဝင်းဝင်းဝါဝါ၊ ဖြူတာ မဟုတ်ဘဲ ဝင်းဝင်းဝါဝါလေး အရပ်က အမျိုးသမီးတစ်ယောက်အနေနဲ့ မြင့်တယ်လို့ ပြောလို့ရတဲ့ အနေအထားမှာရှိတယ်။  ၅ ပေ ၈ လက်မဝန်းကျင်လောက်ရှိမယ်ထင်ရဲ့။ ဝတ်ထားတဲ့ ရှပ်လက်ရှည်အနက် ပျော့ပျော့အိအိလေးကို ဒူးဖုံးရုံ Mini Skirt အနက်လေးထဲထည့်ဝတ်ထားတာက Smirt ကျကျ။ ခြေသလုံးသွယ်သွယ်လေးမှာ စီးထားတဲ့ နှစ်လက်မ ဒေါက်အနက်ကလေးက ခြေထောက်ဖောင်းဖောင်းလေးနဲ့ ပဏာရလွန်းတယ်။ ဝတ်ထားတဲ့ food chain မျှင်မျှင်လေးက ခြေကျင်းဝတ်မှာ ဝံ့ဝံ့ကြွားကြွား။ တစ်ကိုယ်လုံးအနက်ရောင်တွေနဲ့ စီခြယ်ထားတဲ့အမျိုးသမီး။ မိန်းကလေးချင်းဖြစ်ပြီး အမျိုးသမီးတစ်ယောက်ကို အဲ့လောက်ငေးကြည့်မိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး။ တစ်စုံတစ်ယောက်ရဲ့ စူးစိုက်ကြည့်တာကို ခံရရင် စိတ်ထဲဖြစ်လာတတ်တဲ့ မသိစိတ်ရဲ့ နှိုးဆော်မှုကြောင့်များလား။ ကိုယ့်ဘက်ကို ရုတ်တရတ်ကြည့်လာတဲ့ အကြည့်စူးစူးလေး။ လှတယ်။ မယဉ်ပေမဲ့ ရဲရင့်လွန်းပြီး ထီမထင်ဆန်တဲ့ အကြည့် စူးစူးတွေ။ ရင်ထဲ ထိတ်ခနဲဖြစ်သွားပေမဲ့။ ကျွန်မ အကြည့်မလွှဲခဲ့မိဘူးပဲ။ သဘောကျတယ်။ အဲ့မျက်ဝန်းနက်နက်တွေကို။ ကျွန်မကို စူးစိုက်ကြည့်နေရင်းက မသိမသာပြုံးယောင်သန်းသွားတဲ့နှုတ်ခမ်းတွေက မှော်ဆန်လွန်းတယ်။ ရောက်လာတဲ့ ဆိုင်ဝန်ထမ်းလေးကို မှာစရာရှိတာတွေမှာနေတဲ့ ပုံစံကြောင့် ဆိုင်ပိုင်ရှင်မှန်း သိလိုက်ရပါရဲ့။
……………………………………….
ကော်ဖီကြောင့်ပါ တခြားအကြောင်းမရှိပါဘူးလို့ အတွင်တွင်ငြင်းရင်း တစ်ရက်ကို နှစ်ခေါက်တော့ ကျွန်မ ရောက်ဖြစ်ပါရဲ့။ တကယ်လည်း အဲ့ဆိုင်က ကော်ဖီရဲ့ အရသာကိုသဘောကျတာပါ။ အစားအသောက် ရွေးလွန်းတဲ့ကျွန်မက သဘောကျမိတဲ့အရာ သိပ်မရှိပေမဲ့ ကြိုက်နှစ်သက်တဲ့ အရသာ တစ်ခုရသွားရင်လည်း မုန်းသွားတယ်လို့မရှိဘဲ စွဲစွဲမြဲမြဲ။ ဘေးလူက ကြည့်ပြီးတော့တောင် မစားချင်တဲ့အထိ။ ကျွန်မ သောက်ချင်တဲ့ အရသာ ကွက်တိမို့လည်း အမြဲ သောက်ဖြစ်တာထင်ပါရဲ့။ ဆိုင်ထိုင်သောက်ဖို့အချိန်မရရင် parcel မှာပြီး ယူသွားတတ်တယ်။ သူမကကျွန်မထက် ၂ နှစ်လောက်ကြီးတယ်ဆိုတာကို ဆိုင်ဝန်ထမ်းလေးနဲ့ စပ်မိစပ်ရာပြောရင်း သိလိုက်ရတယ်။ အစ်မနဲ့ ဆုံတဲ့အခါလည်း ရှိသလို၊ မဆုံတဲ့အခါတွေလည်းရှိပါရဲ့။ ဆိုင်ကို ရောက်တိုင်း အစ်မကို မရှာမိပါဘူးလို့​တော့ မညာမိပါဘူး။ အစ်မကို မြင်ရတာ တကယ် သဘောကျတယ်။ အစ်မကို မြင်တိုင်းမှာပေါ့။ ကျွန်မကို မြင်တိုင်း ခပ်ပြုံးပြုံးကြည့်တတ်တဲ့ အစ်မ ။ အစ်မကို မြင်တိုင်း ခပ်နွေးနွေးခုန်တတ်တဲ့ ရင်ခုန်သံကိုတော့ ညာမရဘူး။ ဘာကြောင့်လို့လည်း အဖြေ မရှာမိခဲ့ပါဘူး။ အဆောင်က သူတွေက တော့ ပြောပါတယ်။ အစ်မက လှသလောက် လျှို့ဝှက်လွန်းတဲ့အကြောင်း။ အစ်မ အကြောင်းကို ဒီနားတစ်ဝိုက်က ဘယ်သူမှ သေချာမသိဘူးဆိုတဲ့အကြောင်း။ အစ်မရဲ့ဆိုင်က ဒီနားမှာ ဖွင့်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်ဆိုတဲ့အကြောင်းတွေပေါ့။
………………………………………
ပိတ်ရက်မို့ စာအုပ်တစ်အုပ်ယူပြီး ကော်ဖီဆိုင်လေးကို ထွက်လာခဲ့တယ်။ မိုးရွာနေလို့ စာအုပ်ကိုင်ထားတဲ့လက်နဲ့ ထီးလေးစောင်းရင်း လက်တစ်ဖက်က ထမီလေးကို မ ရင်းလျှောက်လာခဲ့တယ်။ နောက်က ကားသံကြားလို့ လမ်းဘေးကို ကပ်ပေးလိုက်ပါရဲ့နဲ့ ခပ်ကြမ်းကြမ်းဖြတ်မောင်းလိုက်လို့ လာစင်တဲ့ရေတစ်ချို့ကြောင့် မကျေမနပ်နဲ့ကားကိုလှမ်းကြည့်မိတော့ ကော်ဖီဆိုင် က အစ်မရဲ့ ကား။ ခပ်လှမ်းလှမ်းကို ရောက်နေပြီးမှ နောက်ကို ပြန်ဆုတ်လာပြီး။ ကားမှန်ကို ချကာ ကျွန်မကို မော့ကြည့်လာတဲ့အစ်မ။ အဲ့မျက်ဝန်းတွေလေ ကျွန်မ ရုန်းမထွက်နိုင်ခဲ့ခြင်းရဲ့ ချောက်နက်နက်တွေ။
“Sorry တို့ကြောင့် မင်းထမီတွေ စိုကုန်ပြီ။ တို့ဆိုင်ကို သွားမှာမလား။ လာ… ကားပေါ်တက်” လို့ ခပ်ပြုံးပြုံး ဆိုလာတဲ့အစ်မ။
“ရပါတယ်လို့တော့ မပြောနဲ့နော်။ တို့ကြောင့် ဖြစ်တာမို့ တို့ အားမနာရအောင် မင်း လုပ်ပေးမယ်မလား။ ဆိုင်ကို အမြဲလာ တတ်တဲ့ customer ကို အပြစ်ပြုမိလို့ အားနာမိပါရဲ့” ဆိုပြီး ပြောလာတာမို့ ကျွန်မလည်း မငြင်းသာပဲ ကားပေါ်လိုက်လာခဲ့မိတယ်။ ဘယ်သိပါ့မလဲ အဲ့အချိန်ကတည်းက အစ်မရဲ့စကားသံတွေကို ကျွန်မငြင်းဆန်နိုင်စွမ်းမရှိခဲ့ဘူးဆိုတာကို။
…………………………………….
ခင်မင်မှုတွေရဲ့အစက အစ်မရဲ့ ကြိုးစားမှုကြောင့်တဲ့လား။ အစ်မပြောမှ ကျွန်မသိရတယ်။ သေချာ ရေစင်အောင်မောင်းပြီး ကျွန်မနဲ့ ရင်းနှီးမှု ရအောင် စကားပြော​ခွင့်ရအောင်ကြိုးစားယူခဲ့ရတာတဲ့။ ကျွန်မ လာမဲ့အချိန်တိုင်း အစ်က မသိမသာစောင့်နေတတ်ပြီးမှ သွားစရာ ရှိတာကို သွားတတ်တာတွေကို နောက်မှ အစ်မပြောလို့ ကျွန်မသိခဲ့ရပါတယ်။ အစ်မက ထူးထူးဆန်းဆန်းပဲ ကော်ဖီဆိုင်ဖွင့်ချင်တာ မဟုတ်ဘဲ bar ဖွင့်ချင်ခဲ့တာဆိုပဲ။ ဆိုင်ရဲ့ အနောက်က အစ်မအိမ်လေးကို ရောက်တော့ မြင်လိုက်ရတဲ့ Mini Bar လေးကြောင့် ကျွန်မမှာ တအံ့တဩ။ ဆိုင်ပိတ်ရင်ပြန်တဲ့ ဝန်ထမ်းတွေကြောင့် ဆိုင်ပိတ်ချိန်ပြီးရင် တစ်ခြံလုံးမှာ အစ်မက တစ်ယောက်တည်း။ မိသားစုရှိပေမဲ့ အတူမနေတဲ့ အစ်မက ဘာကြောင့်ဆိုတာ မပြောခဲ့သလို။ ကျွန်မကလည်း မမေးမိခဲ့ပါဘူး။ အစ်မအကြောင်းတွေကို အစ်မပြောပြသလောက်ကလွဲပြီး ကျွန်မ ဘာမှကို မသိခဲ့ပါဘူး။ အစ်မက သူ့ကိုယ်သူ “ တို့က ခပ်ဆိုးဆိုးရယ်” လို့တော့ ပြောတတ်တယ်။ “နွေး အမြင် မှာ အစ်မက မဆိုးနေပါဘူး” ဆိုတော့ အစ်မက ရယ်တယ်။ ပိတ်ရက်တိုင်းမှာ အကြောင်းအမျိုးမျိုးပြ ခေါ်တတ်လို့ ပိတ်ရက်တိုင်း ကျွန်မ အစ်မအိမ်မှာ ရှိနေတတ်လေရဲ့။ သူကိုယ်တိုင် ဆံပင် ရှည်ထားတာ မကြိုက်တဲ့ အစ်မက ကျွန်မ ရဲ့ ဆံပင်ရှည်တွေကိုတော့ တယုတယနဲ့ စည်းနှောင်ပေးတတ်တယ်။ ပြင်ဆင်ပေးတတ်တယ်။ ခေါင်းလျှော်ပြီးချိန်တွေနဲ့ ကြုံတတ်ရင် dryer မသုံးခိုင်းဘဲအစ်မကိုယ်တိုင် စိတ်ရှည်ရှည် တဘက်နဲ့သုပ်ပေးတတ်တယ်။ သူကိုယ်တိုင်က ခေတ်ဆန်ဆန်လေး နေတတ်ပေမဲ့ ကျွန်မရဲ့ မြန်မာဆန်ဆန် ဝတ်ဆင်ပုံကိုတော့ သဘောကျမိပြန်တယ်ဆိုပြန်ရဲ့။ မီးဖိုချောင်ဝင်ရတာ မကြိုက်တဲ့ အစ်မက ကျွန်မနဲ့အတူ မီးဖိုချောင်ဝင်ဖို့တက်ကြွနေတတ်ပြန်တာမျိုး။ ငယ်ငယ်က ငါးရိုးစူးဖူးလို့ ငါးမစားရဲတော့တဲ့ အစ်မကို စိတ်ရှည်ရှည် ငါးရိုးနွှင်ပေးပြန်ရင်လည်း ရွှန်းရွှန်းစားစားစိုက်ကြည့်ပြီး မျက်ရည်ဝဲနေတတ်တာမျိုး။ ဝိုင်တွေ အရက်ပြင်းပြင်းတွေ သောက်ရတာ ကြိုက်တယ်လို့ ပြောတဲ့ အစ်မက ကျွန်မရှေ့မှာ တစ်ခါမှ မသောက်ဖူးဘူး။ နှုတ်ခမ်းက ဆိုးဆေးတွေပြယ်ချိန် နီညိုရောင်သန်းနေတတ်တဲ့နှုတ်ခမ်းတွေကြောင့် စီးကရက် သောက်တတ်မှန်းသိနေခဲ့ပေမဲ့ အစ်မ စီးကရက်သောက်တာကို တစ်ခါလေးတောင် ကျွန်မ မမြင်ဖူးခဲ့ဘူး။ “အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်အတွက် တစ်ခုခုနဲ့တော့ အပျင်းဖြေဖို့၊ အထီးကျန်တာကို အစားထို့ဖို့ တစ်ခုခုတော့ လိုအပ်တယ်မလား” တဲ့လေ။ ကျွန်မ အိမ်နဲ့ဖုန်းပြောနေတာကို နားထောင်ရင်း အစ်မပြောခဲ့တာက …
“မင်းတို့ မိသားစုက နွေးထွေးလိုက်တာ” တဲ့။ အဲ့အချိန်တုန်းက တစ်ခါလေးပဲ အစ်မပြောခဲ့ဖူးတဲ့ အစ်မနဲ့ အစ်မ မိသားစုကြားက အကွားအဝေး အကြောင်းကို ကျွန်မ သိခဲ့ရတယ်။ အစ်မက အစ်မမိသားစုအတွက်တော့ စံမမီတဲ့ သိုးမဲ တစ်ကောင်တဲ့လေ။ အစ်မက ရယ်ပြီး ပြောပြခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ ဘာလို့ အစ်မနာကျင်နေတယ်လို့ ခံစားနေရတာလဲ။ အစ်မမျက်ဝန်းတွေက ညို့ညို့မှိုင်းမှိုင်း။ မြိုသိပ်နိုင်လွန်းတဲ့ အစ်မစိတ်ဒဏ်ရာရဲ့ တစ်စိတ်တပိုင်းကို ကျွန်မ မြင်ခွင့်ရခဲ့တာ။ နှစ်သိမ့်ပေးချင်ပေမဲ့ အစ်မက ဒီထက် ဘာမှ ပိုပြောမလာခဲ့ဘူး။ “မင်းကို စိတ်မညစ်စေချင်ပါဘူး” “တို့က မင်းကို ဒီတိုင်းလေးပဲ တို့တက်နိုင်သလောက်နွေးထွေးမှု ပေးချင်တာပါ” “မင်းနဲ့ တွေ့နေရရင် တို့စိတ်တွေ သိပ်ငြိမ်းချမ်းတာပဲ၊ လုံခြုံသလို ခံစားရတယ်” “မင်းသိလား။ တို့ မင်းနဲ့ ဆုံပြီးနောက်ပိုင်း အရက်တွေ မသောက်ဖြစ်တော့ဘူး” တဲ့။
…………………………………………..
နေမကောင်းတဲ့ အစ်မက အရမ်းကို ချွဲနွဲ့လွန်းတယ်။ ဆန်ပြုတ်မသောက်ချင်လို့ ဂျစ်တိုက်နေတဲ့အစ်မကို ချော့ရတာ ကျွန်မ တကယ်ကို မောပါတယ်။ ဒီလို့ ထက်မြတ်ပြီး ရဲရင့်လွန်းတဲ့အစ်မက နေမကောင်းဖြစ်ချိန်မှာ အားငယ်တတ်လွန်းပြန်တာကိုလည်း သိလိုက်ရတယ်။ ဆန်ပြုတ်သောက်နေရင်းက …..
“တို့နေမကောင်းမဖြစ်တာ ကြာပြီ။ အမှန်က နေမကောင်းမဖြစ်အောင်နေခဲ့တာ” “တို့ တစ်ယောက်တည်းလေနော်၊ နေမကောင်းဖြစ်လို့မှ မရဘဲ၊ တို့သန်မာမှ ရမှာပေါ့” ဆိုပြီး ကျွန်မ ရင်ခွင်သေးသေးလေးထဲ ခေါင်းတိုးပြီး ငိုနေတဲ့အစ်မ။ အစ်မမျက်ရည်တွေကို မြင်ရတာ ကျွန်မ ရင်တွေနာလိုက်တာ။ ငိုနေရင်းက…………..
“တို့နေမကောင်းဖြစ်တာ မင်းကြောင့်” ဆိုပြီး နှုတ်ခမ်းဆူပြီး ပြောနေတဲ့ အစ်မက တစ်ကယ့်ကို မြတ်နိုးစရာအတိ….
နေမကောင်းလို့ ရဲနေတဲ့ မျက်နှာလေးရယ်၊ ဖြူဖျော့ဖျော့ နှုတ်ခမ်းလေးရယ်၊ ငိုထားလို့ နီနေတဲ့ နှာဖျားလေးရယ်က တကယ့်ကို ချစ်စရာ…
“အယ်!  နွေးဘာလုပ်မိလို့လဲ”
“မနေ့က မင်း ခရီးက ပြန်ရောက်မယ်ဆိုလို့ တို့လာတွေ့သေးတယ်၊ မင်းက ကောင်လေးတစ်ယောက်နဲ့ ရယ်မောပြီး စကားပြောနေတာ တို့ကိုတောင်မမြင်ဘူး”
“တို့ လှမ်းခေါ်ချင်ပေမဲ့ ရုတ်တရတ် ဝမ်းနည်းလာလို့ ဒီတိုင်းလှည့်ပြန်ခဲ့တာ”
“နွေး.. နွေးတကယ် မသိခဲ့တာပါ။ သူက နွေးရဲ့ငယ်သူငယ်ချင်းပါ အိမ်ထောင်ကျပြီးသား၊ ဒီမြို့ကပဲ၊ မတွေ့တာ ကြာပြီ စလုံးက ပြန်လာတာ မကြာသေးဘူး မနေ့ကအပြန် လမ်းမှာတွေ့လို့ လိုက်ပို့တာ  ” 
“တို့မှ မသိဘဲ၊ စိတ်မကောင်းလို့ မိုးရေ ထဲ ဒီတိုင်းထိုင်နေခဲ့မိတာ”
“အစ်မရယ်…” ဆိုပြီး မချင့်မရဲ ခပ်တိုးတိုး ဆိုမိတော့,,,,,
“တို့ လောဘမကြီးမိအောင် ထိန်းနေတာပဲ မင်းရယ်။ ဒါပေမဲ့ တစ်ခါတစ်လေ တို့ကိုယ်တို့ ထိန်းမရဘူး” “မင်းကို တစ်ခြားလူကို မပေးချင်ဘူး ။ မပေးရက်လိုက်နိုင်ဘူး” ဆိုပြီး ကျွန်မကို ငေးကြည့်နေခဲ့တဲ့ အစ်မရဲ့ မျက်ဝန်းတွေက တစ်ခုခုကို ညှို့ငင်နေသလိုလို….
နူးညံ့နေတဲ့ နှုတ်ခမ်းသား တွေရဲ့ ခပ်ဖွဖွ စုပ်ယူထွေးပွေ့မှုကြား အလိုက်သင့်တုန့်ပြန်မိရင်း က အစ်မရဲ့ မျက်ရည်နွေးနွေးတွေက ကျွန်မ ပါးပေါ်မှာပါ ကူးလူးလို့…. ကိုယ်ပူရှိန်ကြောင့် အစ်မရဲ့ နှုတ်ခမ်းသားတွေက ခပ်နွေးနွေး…..
ဘာလို့နမ်းခဲ့တာလဲ ဆိုတဲ့မေးခွန်းကို ကျွန်မ မမေးခဲ့သလို အစ်မကလည်း မပြောခဲ့ပါဘူး။  ကျွန်မနဲ့ အစ်မကြားမှာ ရှိတဲ့ နားလည်မှုက စကားလုံးတွေထက် ပို တာသွားတယ်ထင်ပါရဲ့။ အစ်မကတော့ အဲ့တစ်ရက်လုံး သူ့အရပ်ကြီးမှ အားမနား ကျွန်မကို ချွဲနွဲ့ဂျစ်တိုက်ရင်း ရင်ခွင်ထဲ အတင်းတိုး ဝှေ့မှီနေခဲ့တာပါပဲ။
………………………….
ရုံးဖွင့်ရက် နေ့လယ်ပိုင်းဆိုပေမဲ့ နေပြန်ကောင်းကာစ အစ်မ အတွက် ခံတွင်းလိုက်အောင် ဝယ်လာပေးမိတဲ့ ကြေးအိုးထုပ်လေးက အိမ်ရှေ့တံခါးမှာ ပြန့်ကျဲလို့။ အမျိုးသားတစ်ယောက်ရဲ့ ရင်ခွင်ထဲ မှာ ငိုနေတဲ့အစ်မ။ အစ်မကို ထွေးပွေ့ထားရင်း နှစ်သိမ့်ပေးနေတဲ့ မြင်ကွင်းက ကျွန်မကို ဆွံ့အသွားစေတဲ့အထိ။
“တောင်းပန်ပါတယ် . sorry… sorry ကျွန်မ ကျွန်မ မသိလိုက်လို့” ဆိုပြီး လှည့်ထွက်သွားတဲ့ကျွန်မနောက် အတင်းထပြေးလိုက်လာတဲ့အစ်မ။ ကျွန်မလက်ကို လှမ်းဆွဲလိုက်တဲ့ အစ်မရဲ့လက်တွေက ခပ်နွေးနွေး။ ရင်နာနေရင်းကနေတောင် အစ်မ ထပ်ဖျားနေတာလားလို့ ကျွန်မက စိတ်ပူနေမိသေးတယ်။ စိုးရိမ်တကြီးနဲ့ ကြည့်နေတဲ့ အစ်မျက်ဝန်းတွေကြားပြောစရာတွေ ပြည့်နေတာ မြင်ရပေမဲ့ ကျွန်မ နားမထောင်ရဲသေးဘူး။
“ကျွန်မ အဆင်ပြေတာမို့ အစ်မ နေကောင်းအောင်နေနော်။ နောက်မှ နောက်မှ ကျွန်မတို့ စကားပြောရအောင်နော်” ဆိုပြီးဆွဲထားတဲ့ အစ်မလက်ကို ဖြုတ်ပြီး ကျွန်မ လှည့်ထွက်လာခဲ့တယ်။ အစ်မ လည်း ကျွန်မနောက် ထပ်လိုက်မလာခဲ့ပါဘူး။
……………………………………..
အဲ့ရက်မှာ အဘွားနာရေးဖြစ်လို့ ကျွန်မ အားချင်း ပြန်ခဲ့ရတယ်။ ကားပေါ်ကအဆင်း ဖုန်းကျပျောက်သွားခဲ့လို့ မြို့ကို ပြန်နေတဲ့ အတောအတွင်း အစ်မနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ နာရေးနဲ့မို့ Social Media လည်း ကျွန်မ မသုံးနိုင်ခဲ့ဘူး။ ခွင့်ရက်ပြည့်လို့ ပြန်လာတော့လည်း နှစ်ကုန်ပိုင်းမို့ ပုံနေတဲ့အလုပ်တွေကြောင့် အလုပ်တွေကိုညပိုင်းထိလက်စသတ်လုပ်နေရတဲ့အတွက် အစ်မကို သွားမတွေ့နိုင်ခဲ့ဘူး။ ကျွန်မပြန်သွားပြီးနောက်ရက် အမျိုးသားတစ်ယောက်နဲ့အတူ အစ်မ အဆောင်ကို လိုက်လာတယ်လို့ပြောတယ်။ မြို့ကိုအဘွားနာရေးကြောင့် ကျွန်မ ပြန်သွားတယ် ဆိုတော့ ဘာမှဆက်မပြောဘဲ ပြန်သွားခဲ့တယ်တဲ့။ အစ်မ မျက်နှာအတော်မကောင်းသလို အားလည်း အရမ်းနည်းနေသလိုပဲလို့တော့ ပြောပေမဲ့ ကျွန်မသွားမတွေ့နိုင်ခဲ့ဘူး။  အချိန်လိုနေသေးလို့ အစ်မပြောတာတွေကို နားထောင်နိုင်တဲ့ ခံနိုင်ရည် ရှိဖို့အထိကျွန်မ အချိန်လိုနေသေးခဲ့လို့။
………………………………………..
………………………………………..
ဟုတ် ကျွန်မက မိသားစုအတွက် သိုးမဲတစ်ကောင်ပဲ။ အရှိန်အဝါကြီးလွန်းတဲ့ အသိုင်းအဝိုင်းတွေရဲ့ကြားမှာ နှိုင်းယှည်ခြင်းတွေ ပြိုင်ဆိုင်ခြင်းတွေ ပြင်ထန်လွန်းတဲ့ကြားကမှ မောင်နှမ လေးယောက်ရှိတဲ့ထဲ အစ်မကြီးနဲ့ အမြဲ အယှဉ်ခံခဲ့ရသလို၊ သားအကြီးဆုံးမို့ ဦးစားပေးခံရတဲ့ အစ်ကိုနဲ့ အငယ်ဆုံးဖြစ်တဲ့ မောင်နဲ့ ကြား ကျွန်မက အမြဲ အမေ့လျော့ခံ။ သတိထားမိစေချင်၊ ဂရုစိုက်ခံချင်လို့ ပြုမိခဲ့သမျှက အပြစ်ချည်း လို့ အဆိုခံရချိန်။ အရွဲ့တိုက်လို့ ကိုယ့်ထက် အသက် ၁၀ နှစ်ကြီးတဲ့ အမျိုးသားနဲ့ တွဲခဲ့မိချိန်က ၁၀တန်းအောင်ပြီးကာစ မနူးမနပ်အရွယ်။ သွေးသားဆန္ဒဆိုတာ ဘာမှန်းမသိလိုက်ပါပဲ ကျူးလွန်းခံလိုက်ရတဲ့ ကျွန်မက အသက်၂၀ မပြည့်ခင်မှာ အိမ်ထောင်ပြုခဲ့လိုက်ရလို့ မိသားစုအတွက် အမည်းစက်ဖြစ်ခဲ့ရတယ်ထင်ပါရဲ့။ အိမ်ထောင်သက် ၅ နှစ်အတွင်း သားသမီးမရနိုင်ခဲ့တဲ့ အခြေ အနေကြောင့် ပြစ်ချက်က ကျွန်မကြောင့်ချည်းဆိုပြီး ဖောက်လွှဲဖောက်ပြန်လုပ်လာတဲ့ အိမ်ထောင်ဖက်ကို တရားဝင်ကွာရှင်းလိုက်တော့ တစ်ခုလပ်ဆိုတဲ့ ဂုဏ်ပုဒ်အတွက် ကျွန်မကြောင့် မျိုးရိုးဂုဏ်သိက္ခာထပ်မံကျဆင်းရပါတယ်ဆိုလို့ မိသားစုနဲ့ဝေးရာ ကျွန်မ ထွက်ပြေးလာခဲ့ရတယ်။  အားငယ်မိလို့ မိသားစုကိုဆက်သွယ်မိချိန်တိုင်းမှာ လစ်လျူရှုခံခဲ့ရလို့ကျွန်မ ပိုကြိုးစားခဲ့ရတယ်။ ပိုသန်မာပြခဲ့ရတယ်။ ကျွန်မဘယ်မှာ ရှိလဲဆိုတာ သိသိရက်နဲ့တောင် ဘယ်လို အကြောင်းကြောင်းကြောင့်မှဆက်သွယ်မလာတဲ့ မိသားစုကြောင့် ကျွန်မမှာ ရင်နာရတယ်။ နေခြည်နွေးဆိုတဲ့ သူမနဲ့ မတွေ့ခင်အထိတော့ ကျွန်မက မာကြောကြောကျွတ်ဆတ်ဆတ် နဲ့ မာနကြီးကြီး အမျိုးသမီးတစ်ယောက်အဖြစ်ပေါ့။ မပြောရက်နိုင်ခဲ့ဘူး။ ပြောမထွက်ခဲ့ဘူး။ ဆိုးဝါးလွန်းခဲ့တဲ့ ကျွန်မနောက်ကြောင်းတွေကို ပြင်မရပေမဲ့ သူမနဲ့တွေ့ပြီးနောက်ပိုင်းတော့ ကျွန်မ အေးချမ်းမှုကို ရှာတွေ့လာတယ်။ ကျွန်မရဲ့နားခိုရာကို ရှာတွေ့လာတယ်။ သေးငယ်လွန်းတဲ့ ပုခုံးလေးက ကျွန်မပင်ပမ်းလွန်းလို့ မှီခိုမိတိုင်းမှာ နွေးနွေးထွေးထွေး ခိုင်ခိုင်မာမာ။ သေးငယ်လွန်းတဲ့ ရင်ခွင်ငယ်လေးက ကျွန်မ ဝမ်းနည်းလို့ ခိုဝင်မိတိုင်းမှာ အေးအေးချမ်းချမ်းလုံလုံခြုံခြုံ။ ကျွန်မနောက်ကြောင်းကို ဘာမှ မသိဘဲ ဘာမှ မသိချင်ဘဲ။ ကျွန်မရဲ့ ဆိုးသွမ်းမှုကို နားလည်ပေးပြီး၊ ကျွန်မကို ကျွန်မအတိုင်းနားလည်ပေးပြီး ကျွန်မပြောသမျှ လက်ခံပေးခဲ့တဲ့သူမကို ကျွန်မ အရမ်းမြတ်နိုးမိပါတယ်။  ဖြူစင်ပြီး နူးညံ့လွန်းတဲ့သူမကို ကျွန်မကြောင့်နစ်မွန်းမှာ စိုးနေရင်းက အဆုံးရှံးမခံချင်တဲ့ စိတ်တွေနဲ့ အားပြိုင်လာတိုင်းမှာ ကျွန်မမှာ အလူးလူး အလဲလဲ။ အဲ့ရက်က ဟုတ်တယ်။ ကျွန်မရဲ့ ခင်ပွန်းဟောင်း ရင်ခွင်ထဲ ငိုနေမိတဲ့အချိန်။ အစ်မမင်္ဂလာဆောင်တာကို မသိခဲ့ရတဲ့အပြင် ဖိတ်စာမှာတောင် နာမည်မထည့်တော့တဲ့အထိ ပြတ်သားနိုင်တဲ့ မိသားစုကြောင့် ဝမ်းပမ်းတနည်းငိုကြွေးမိနေချိန်ပါ။ နေကောင်းကာစ အားနည်းလွန်းတဲ့အချိန် ယိုင်သွားတဲ့ကျွန်မကို စိတ်မကောင်းစွာ ထိန်းပေးနေတဲ့ အဲ့အမျိုးသားရဲ့ ရင်ခွင်ထဲကနေ ပြန်ရုန်းနိုင်ဖို့တောင် ကျွန်မ အားရှိမနေခဲ့ပါဘူး။   ထွက်သွားတဲ့သူမရဲ့လက်ကို လှမ်းဆွဲလိုက်ပေမဲ့ ပြောပြစရာတွေ၊ ရှင်းပြစရာတွေ များလွန်းလို့ ဘယ်က စပြောရမယ်မှန်း ကျွန်မ မတွေးနိုင်တော့ဘူး။ ငိုချင်ပေမဲ့ ထိန်းထားတဲ့ သူမမျက်ရည်တွေ၊ အဖျားခပ်တုန်သွားတဲ့ သူမရဲ့အသံတွေကကျွန်မကို ထပ်ဆင့်ရင်နာစေတာပါပဲ။ ပြန်ရောက်ပြီတဲ့ ကျွန်မ သိပေမဲ့ သွားမတွေ့ရဲခဲ့ဘူး။ စောင့်နေရမလား သွားတွေ့ရမလား ဝေခွဲမရခဲ့ဘူး။ ကျွန်မ ရူးသွားမတတ်ပဲ။ ရူးသွားတော့မလားပဲ။
………………………………………………………………….
မိုးသက်လေကြောင့်စိမ့်ခနဲအေးလာလို့ ပြတင်းပေါက်ထပိတ်ဖို့ လုပ်ရင်း တွေ့လိုက်ရတဲ့ အဆောင်ရှေ့က အရိပ်လေး။ မဟုတ်လောက်ပါဘူးလို့ တွေးပေမဲ့ အလိုလို သိနေတဲ့ ခံစားချက်နဲ့ နှလုံးသားက လက်မခံဘူး။ ဒီအချိန်ကြီး မိုးရွာတော့မှာကို အဆောင်ရှေ့ထိ မိန်းကလေးတစ်ယောက်တည်း။ စိတ်ပူစွာနဲ့ အဆောင်ရှေ့ကို ထွက်လိုက်​တော့ တအံ့တဩကြည့်နေတဲ့ မျက်ဝန်းတွေက ညှိုးညှိုးငယ်ငယ်။ အစ်မနဲ့ အဲ့မျက်ဝန်းတွေနဲ့က မလိုက်ဖက်ဘူး။ 
“ဒီတိုင်း ဒီတိုင်း အိပ်မပျော်လို့ လမ်းလျှောက်ရင်းရောက်လာခဲ့တာ။ ပြန်ရောက်နေပြီဆို​တော့ တွေ့ချင်လို့ တွေ့ချင်နေခဲ့လို့” ဆိုတဲ့ အသံက တိုးတိုးလျလျလေး။
အမြဲ ခပ်မတ်မတ်လျှောက်ခဲ့တဲ့ ပုခုံးတွေက ခပ်ကိုင်းကိုင်းနဲ့။ ဆံပင်တွေက ပွရောင်းရောင်း။ ညဝတ် အင်္ကျီအောက်က ခန္ဓာကိုယ်လေးက လေထိရင်လဲတော့မလိုလို။ ချောင်ကျသွားတဲ့ မျက်နှာလေးကြောင့် ရင်ထဲမှာ ဆစ်ခနဲ။ အစ်မရဲ့ပုံကို မြင်ရတာ စို့နစ်လွန်းလို့ အသံမထွက်နိုင်ခဲ့ဘူး။  အစ်မကို ပြန်ပို့ပေးဖို့နဲ့ ဒီနေ့ အစ်မအိမ်မှာပဲ အိပ်ဖြစ်မဲ့အကြောင်းကို အဆောင်မှူးကို အသိပေးဖို့ လှည့်ထွက် လိုက်တော့ အစ်မ ခေါင်းငိုက်စိုက်ကျသွားတာကို မြင်လိုက်လို့…..
“ခဏစောင့်” လို့ လှည့်ပြောပြီး ထီးပါဝင်ယူခဲ့လိုက်တယ်။ မိုးကအစိုးမရဘူးလေ။
အဆောင်ရှေ့က အုတ်ခုံလေးပေါ်မှာ ဒူးနှစ်ဖက်ကြား လက်နှစ်ဖက်ယှက်ထည့်ပြီး ကျုံ့ကျုံ့လေး ထိုင်နေပုံက တကယ့်ကို အားနည်းလွန်တယ်။ ငိုချင်လာတဲ့စိတ်ကိုတင်းရင်း….
“ထ ပြန်မယ်” ဆို​တော့ မော့ကြည့်လာတဲ့မျက်ဝန်းတွေက နားလည်ရခက်နေတဲ့ပုံစံနဲ့….
“အစ်မ အိမ်ပြန်မယ်လို့ မိုးရွာတော့မယ် မိုးမိရင် အစ်မပဲ ဖျားတတ်နေတာကို၊ ထပ်ပြီး မိုးမိလို့မဖြစ်တာကို” လို့ ခပ်စောင့်စောင့်ဆို​တော့မှ၊ ခပ်နွမ်းနွမ်းပြုံးလာတဲ့အစ်မ။
ခပ်ခွာခွာလျှောက်နေတဲ့ အစ်မကို လက်တစ်ဖက်က ဆွဲရင်း မိုးထိုးနေတဲ့ သူ့အရပ်ကို ထီးက ဆောင်းပေးနေရသေးတယ်။
တော်သေးတယ် ခပ်ဖျောက်ဖျောက်ရွာနေတဲ့မိုးက အစ်မအိမ်ရောက်ပြီးမှသည်းကြီးမဲကြီးရွာချလာလို့။
မိုးရေတွေ ခြောက်အောင် သုတ်ပေးရင်း ဆေးတိုက်ဖို့ တစ်ခုခု သွားရှာတော့ ဘာမှ မရှိတဲ့ ရေခဲသေတ္တာကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချမိတယ်။ ဒီရက်ပိုင်းဘယ်လိုတွေ စားသောက်နေပါလိမ့်။ ခေါက်ဆွဲပြုတ်တစ်ထုပ်ကို ပြုတ်ရင်း ဆေးတစ်ခါတည်းတိုက်ဖို့ ပြင်ရသေးတယ်။ အစ်မက မိုးမိရင် ဖျားတတ်လွန်းလို့။
ခေါက်ဆွဲပြုတ်ကို ခေါင်းမဖော်တမ်းစားရင်း ထွက်ထွက်လာတတ်တဲ့ရှိုက်သံကြောင့် အစ်မဘေးနားသွားရပ်ပြီး ခေါင်းလေးကို ရင်ခွင်ထဲ ထည့်ခပ်တင်းတင်းပွေ့မိတော့ ကျွန်မခါးကို တင်းတင်းပြန်ဖက်ပြီး ကလေးတစ်ယောက်လို့ ရင်ခွင်ထဲတိုးပြီးရှိုက်ကြီးတငင်ငိုနေတဲ့အစ်မ။
“ပြန်မလာတော့ဘူးလို့ ထင်နေတာ။ မုန်းသွားပြီလို့ ထင်နေတာ။ ထားခဲ့ပြီလို့ထင်နေတာ။ တို့….. တို…. အများကြီး လွမ်းနေခဲ့တာ…..  တို့ရဲ့ အတိတ်တွေကြောင့်လေ တို့ကိုယ်တိုင် မေ့ချင်နေတဲ့အတိတ်တွေအကြောင်း ရှင်ပြချင်နေခဲ့တာ ဒါပေမဲ့ … မင်းဆီကို မသွားတော့ဘူး…. မင်းဆီထပ်မသွားတော့ဘူး… မင်းကို ထပ်မရှာတော့ဘူးလို့ တွေးနေရင်းက မင်းကိုပဲ သတိရနေခဲ့တာ….တို့ကို… တို့ကို ပြစ်မထားပါနဲ့ လစ်လျူမရှူလိုက်ပါနဲ့နော်” လို့ ရှိုက်သံတစ်ဝက်နဲ့ပြောနေတဲ့အစ်မ။
ဘုရားရေ ကျွန်မ ဘယ်လိုအပြစ်မျိုးကို ကျူးလွန်မိခဲ့တာလဲ။ ကျွန်မ လစ်လျူရှုခဲ့တာမဟုတ်ပါဘူးအစ်မရယ်။ အချိန်လိုနေသေးလို့။ အချိန်လိုနေသေးလို့စောင့်နေခဲ့တာပါ။ အစ်မကို အဲ့လောက်နာကျင်စေခဲ့မိလိမ့်မယ် မထင်ခဲ့မိလို့ပါ။ အစ်မမျက်ရည်တွေကို ကျွန်မ တကယ်ခံနိုင်ရည်မရှိပါဘူး။ ဘာလို့များ အဲ့လောက် ပြိုလဲနေရတာလဲ အစ်မရယ်။ အစ်မမပြောနိုင်တဲ့၊ အစ်မပြောမထွက်နိုင်တဲ့စကားတွေ၊ အစ်မရဲ့အတိတ် အကြောင်းအရာတွေကို အစ်မ ပြောလာနိုင်တဲ့အထိ ကျွန်မ စောင့်နိုင်ပါတယ်။ ထပ်ပြီး….. ထပ်ပြီး မထားခဲ့တော့ပါဘူး အစ်မရယ်။ အစ်မရဲ့ အတိတ်တွေကို ကျွန်မ စိတ်မဝင်စားပါဘူး။ လက်ရှိအစ်မက ကျွန်မအတွက် ပြီးပြည့်စုံပြီးသားဖြစ်ကြောင်း၊  အစ်မကို အစ်မအတိုင်းပဲ လက်ခံနိုင်တဲ့အကြောင်းတွေကို အစ်မအငိုတိတ်မှ ရှင်းပြ ပြောပြရပါဦးမယ်….
အခုတော့ မြိုသိပ်ခဲ့ရတဲ့ အစ်မမျက်ရည်တွေ ကုန်တဲ့အထိ ငိုပါစေတော့………….

…………………………………
…………………………………
…………………………………
"မျက်ရည်သိမ်းရာ ရင်ခွင်ငယ်…………”
 

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now