လီလီသိပ်မငိုတော့။
ခဲဖျက်ပျောက်လို့တော့မငိုတော့ ဆိုင်သွားပြီး ထပ်ဝယ်တတ်လာပြီ ဖြစ်သည်။ ဒါပေမယ့် သင်္ချာပုစ္ဆာများ မဖြေရှင်းနိုင်သည့်အခါ ဝမ်းနည်းလာတတ်သည်။ဒါပေမယ့် မငိုတော့။
ဖြေရှင်းနည်းကို သိအောင်ကြိုးစားလာပြီဖြစ်သည်။ မငိုတော့တဲ့လီလီဟာ မလုပ်ရဲတာတွေများလာပြီးအကြောက်တရားတွေလည်းများလာပြန်လေသည်။ ဖုန်းမကိုင်ရဲသည့်လီလီ၊
ရေမကူးရဲသည့်လီလီ၊လမ်းမကူးရဲသည့်လီလီ၊ စားပွဲထိုးကိုလှမ်းခေါ်ရမှာကြောက်သည့်လီလီ၊လူကြီးတွေနှင့်စကားပြောရမှာကြောက်သည့်လီလီ လီလီရဲ့အကြောက်တရားဟာ ငယ်ငယ်က
မအိပ်လို့ မေမေက မအိပ်ရင်ဘယ်သူလာမှာနော် ဆိုပြီး အခြောက်ခံရလို့ ကြောက်သည့်အကြောက်တရားမဟုတ်ချေ။ လီလီ လည်း ထိုအကြောက်တရားကိုမပြောတတ်ချေ။ လီလီသိတာ ထိုအရာတွေကို လီလီ ကြောက်သည်။
ဒါပေမယ့် ဖေဖေ၊မေမေနှင့်ကိုကို တို့က ဒါတွေက ကြောက်စရာမဟုတ်ဘူး လုပ်ရဲရမယ် လို့ပြောပြန်သည်။လီလီနားမထောင် ထိုအရာတွေကို လီလီကြောက်တာသာသိသည်။ထို့အပြင် လီလီ့တွင် ကားလမ်းမကူးရဲခြင်းနှင့်လည်းမတူ မေမေခြောက်လို့ကြောက်သည့်အကြောက်မျိုးနှင့်လည်း မတူသည့်
အကြောက်တရားမျိုးရှိပြန်သေးသည်။
လီလီ စက်ဘီးမစီးရဲ။ကိုကိုက အနောက်ကနေကိုင်ထားပေးတာကိုလွှတ်လိုက်ရင် လီလီ ယိုင်နဲ့နဲ့ဖြင့် လဲလဲကျသွားသည်။ လီလီ့ခြေထောက်လည်း အနည်းငယ် ပွန်းပဲ့နေလေသည်။ ဘီးနှစ်ဘီးပေါ်တွင်လူတက်ထိုင်နိုင်အောင် လုပ်ထားပေးတာ အံ့ဩစရာကောင်းပါလားဟု လီလီ တွေးမိသည်။စီးလို့ရအောင်လုပ်ထားပေးတာမို့ စီးနိုင်ကြပေမယ့် လီလီကတော့ စက်ဘီးမစီးရဲသေး စက်ဘီးကို လီလီ အနည်းငယ်ကြောက်သည်။
ပွန်းပဲ့ရာတွေရတာကို မုန်းသည်။*****
ကိုကိုက မငိုတော့ပေမယ့် တစ်ခါတစ်လေ အမည်မသိတဲ့ ခံစားချက်ကြီးကို ကိုကို့နားကနေ ခံစားရသည်။ လီလီ့အထင် ကိုကို ဝမ်းနည်းနေသည်။ ဒါပေမယ့် ကိုကိုကမငို။
မေမေတို့ ပြောစကားကြောင့် ဖြစ်မည်။
ကိုကိုက လီလီ့ကိုတော့ သိပ်ချစ်သည်။ လီလီနဲ့အတူဆော့ပေးသည်။လီလီရချင်တာတွေဝယ်ပေးသည်။ လီလီ့ကိုစာရှင်းပြသည်။
သို့သော် လီလီက ကိုကို့အနားကိုသိပ်မကပ်ပေ ဖေဖေနှင့်မေမေ၏ လေသံအနည်းငယ်ကို ကိုကို့ထံတွင်ကြားရတတ်သောကြောင့်ဖြစ်သည်။ထို့အပြင်စာတွေမတွက်တတ်လို့ ကိုကို့နား သွားလျှင် ဒါလေးတောင် မတတ်ဘူးလို့ ပြောတတ်သည့် ကိုကို့ကြောင့် လီလီ သိပ်မမေးချင်တော့။လီလီ့အတွက်၂၇၃၀ကို၃၇နှင့်မြှောက်တာဟာသိပ်ခက်သလို ဦးအောင်ဇေယျ အကြောင်းကျက်ရတာလည်း မလွယ်ချေ။လီလီ့အတွက်
အခက်ဆုံးသည် လူကြီးတွေရဲ့အတွေးသာဖြစ်သည်။ကိုကိုအဆူခံရပြန်သည်။လီလီကြားရသလောက်ဆေးလိပ်ခိုးသောက်လို့တဲ့ ။မေမေက ကိုကို့ကိုဆူသည်။ ဆေးလိပ်ကနေ တစ်ဆင့် မူးယစ်ဆေးတွေ စွဲသွားနိုင်ကြောင်း ဆုံးမနေသည်။ ကိုကိုက အသက်(၁၅)နှစ် မေမေတို့ ပြောသလိုဆို လူပျိုပေါက်အရွယ် ဖြစ်တာမို့ စမ်းသပ်ကြည့်မိတာလို့လည်းဆိုကြသည်။ လီလီသိပ်နားမလည် မေမေတို့ပြောသလိုဆို မကောင်းတဲ့အရာကြီး
ထိုမကောင်းတဲ့အရာမှန်းသိလျက်နှင့် ဘာလို့စမ်းသောက်ရသနည်း။လီလီကတော့ ထိုအရာကို
မကြိုက် အိမ်လာသောဧည့်သည်ဦးလေးတော်တော်များများဟာ သောက်ကြသည်။ထိုအရာကနေထွက်လာတဲ့ အခိုးအငွေ့တွေကို လီလီ မခံနိုင် လီလီမကြိုက်။ထိုဦးလေးတွေက ဘာလို့ သောက်ကြသလဲ ၊ကိုကိုကရော ဘာလို့ စမ်းသပ်သလဲ ဆိုတာ လီလီသိချင်မိသည်။
သို့သော် လီလီမမေးမိ ။Chibi_Chibi
12.7.2022(Tues)
YOU ARE READING
Lily
Cerita Pendekလီလီ့အတွက် လူဆိုတာ ငိုဖို့ရယ်ဖို့မွေးဖွားလာသလိုဘဲ တစ်ခါတစ်လေ ရယ်မယ် တစ်ခါတစ်လေ ငိုမယ် ကြာတော့ လီလီ ထွက်ပြေးချင်မိသည် သို့သော်လည်း.... ငိုတစ်လှည့် ရယ်တစ်လှည့်လူ့ဘဝကို အနိုင်တိုက်ရမည်။ မဟုတ်လျှင် အနှစ်အရသာ မရှိတဲ့လူ့ဘဝကြီး ဖြစ်သွားပေမည် မဟုတ်ပါတကား...