ရှေ့ဆုံးတန်းကျတဲ့နေ့မှ ညကစောစောမအိပ်မိတဲ့ကောင်းမှုကြောင့် အသေအလဲငိုက်နေမိတော့သည်။ ပျင်းရိပျင်းတွဲနဲ့မို့ စာသင်ချိန်တွေဟာ ပုံမှန်ထက်ပိုကြာနေသလိုပင်။ ဆရာမ,မမိအောင် ငိုက်ရသည်မှာ သိပ်တော့မလွယ်လှ။ ခေါင်းအရမ်းငိုက်ကျသွားတိုင်း ဘေးကသူငယ်ချင်းမက ခါးကိုထိပြီးသတိပေးရသည်။
"သမီး နွေဦးပန်း!!!"
ဘေးနားကနေထွက်ပေါ်လာတဲ့ဆရာမရဲ့ အောင်လှတဲ့အသံကြောင့် ငိုက်ကျနေတဲ့ခေါင်းဟာလည်း မတ်ခနဲ။ ခုနက လုံးဝဖွင့်မရတဲ့မျက်လုံးများပင် အပြင်ကျွတ်ကျတော့မလို ပြူးကျယ်ကုန်သည်။
"ခုရှင်းပြနေတဲ့အပိုဒ်ကို ဘာသာပြန်ပြ"ဟုဆိုသော ဆရာမရဲ့ စကားအဆုံး ဘေးနားကသူငယ်ချင်းကို ကယ်ပါအုံးဟူသော မျက်လုံးများနှင့်ကြည့်မိသည်။
ဘေးနားမှာလာရပ်နေသောဆရာမကြောင့် သူငယ်ချင်းကိုလဲ အကူအညီတောင်းလို့မရ။ တောင့်တောင့်ကြီးရပ်နေမိ၍ စိတ်လှုပ်ရှားရင်လုပ်မိတဲ့အပြုအမူအတိုင်း နှုတ်ခမ်းကိုသာ ဖိကိုက်နေမိသည်။
"ဆရာမ ဝင်ခွင့်ပြုပါ"
ဘယ်အချိန်တည်းက အခန်းရှေ့ရောက်နေမှန်းမသိသော ၁၀တန်းမှ စီနီယာတစ်စု၏အသံကြားမှ အသက်ရှုချောင်သွားတော့သည်။
"အေး ဝင်လာကြလေ သားတို့"
အခန်းတွင်းဝင်လာသော အကိုကြီးလေးယောက်အနက် နောက်ဆုံးမှဝင်လာသော အကိုကြီး၏ မျက်နှာမှာပြုံးစိစိနှင့်။
ဘာလဲဟ ငါ့ကိုကြည့်ပြီး လှောင်နေတာလား
"နွေဦး ဘာရပ်လုပ်နေတာလဲ ထိုင်လေ"
ဆရာမအသံကြားမှ ခုထိမတ်တပ်ရပ်နေမှန်းသတိရသွား၍ ရှက်ရှက်နှင့်ထိုင်လိုက်ရသည်။
"ညီလေး၊ညီမလေးတို့"ဟု အစချီ၍ ၁၀တန်းAအတန်းခေါင်းဆောင်အကိုကြီး၏ အသံကြည်ကြည်ထွက်ပေါ်လာသည်။ အလှူခံလာကောက်တိုင်း ထိုအကိုကြီးလေးယောက်သာ အမြဲလာသောကြောင့် မျက်မှန်းတန်းမိနေသည်။ ဟိုမချိုမချဥ်ရုပ်နဲ့ တစ်ယောက်ကတော့ အမြဲပါမလာပေမယ့် ကျောင်း၏ လူရည်ချွန်ဖြစ်သောကြောင့် သတိထားမိနေခြင်းသာ။

YOU ARE READING
Love In Spring
Romanceအချစ်ဦးက အိမ်လေးနဲ့တူတယ်...♡︎ နေရှင်းယံ စိုင်းဘုန်းမြတ်လင်း နွေဦးပန်း