Zawgyi version is below ⬇️
#Unicode
အေးစက်တိတ်ဆိတ်နေတဲ့ မြေအောက်ခန်းထဲ ခြေသံတွေက ပဲ့တင်နေ၏ ။ မည်းနက်နေသော ကျောက်သားနံရံမှာ ချိတ်ဆွဲထားတဲ့ ဆီမီးအိမ်တို့မှ အလင်းပျပျဟာ လျှောက်လမ်းတစ်လျောက် အမှောင်ရိပ်ကို မခွင်းနိုင် ။ လမ်းဆုံး၌ လျှို့ဝှက်နက်နဲသော အရာတို့စောင့်ကြိုနေကြောင်း ဝင်လာသူတိုင်းကို အရိပ်အမွက်ပြောပြနေသလို ... ။
အဲလက်ဇန်းဒါးမှာ သခင်ဖြစ်သူနှင့် ပုခုံးချင်းယှဉ်လျှောက်နေသော အမျိုးသမီးအား အနောက်မှ မသိမသာ အကဲခတ်မိသည် ။
အနှီရှားဟန်ဇန်ဟူသော ဟန်ဇန်အိမ်ရှေ့မင်းသမီးသည် သာမန်မိန်းမပျိုလေးတစ်ဦးတော့မဟုတ် ။ Xavia ၏ အလျှို့ဝှက်ဆုံးသော အလောင်းခွဲစစ်ဆေးရေးဌာနထဲ ရောက်နေတာတောင် တစ်ချက်မတွန့်သွား ... ။ သူမအား အကျိုးအကြောင်း ရှင်းပြနေတဲ့ ဧကရာဇ်ကိုပင် ပြန်လှန်ငေးကာ ရံဖန်ရံခါ ဆွဲဆောင်မှုရှိရှိ ပြုံးပြနေသေးသည် ။
အဲလက်ဇန်းဒါး မြင်တွေ့ဖူးသော တော်ဝင်အမျိုးသမီးများထဲတွင်တော့ အရဲရင့်ဆုံးဟု ဆိုရပေမည် ။ ဒါ့အပြင် သူမဟာ ဆေးပညာ၌ သူမတူအောင် တိုးတက်သော ဟန်ဇန်ပြည်မှ နန်းမွေခံ အိမ်ရှေ့မင်းသမီးပင် ။ ဟန်ဇန်ဟာ Xavia နှင့် လွန်စွာဝေးကွာပြီး ပင်လယ်တစ်ဖက်ခြမ်း၌ တည်ရှိသော နိုင်ငံငယ်လေးတစ်ခု ဖြစ်သော်လည်း ယခုအချိန် အရှင့်အတွက် မဖြစ်မနေလိုအပ်နေတဲ့ မဟာမိတ်ဆိုလျှင်မမှား ... ။
ရှားဟန်ဇန်သာ မရှိလျှင် အရှင်ဟာ ယခုအချိန် ထီးနန်းပင် သိမ်းနိုင်ခဲ့မည်မဟုတ် ။
လူမသိအပ်သော လျှို့ဝှက်ချက်တို့အတွက် ရှားဟန်ဇန်ကို ဇာဗီယာ အက်ရှ် လိုအပ်လေသည် ။
စစ်ဆေးရန်လိုအပ်သော ရုပ်လောင်းများအား ထိန်းသိမ်းထားသည့် အအေးခန်းသို့ ဝင်လာခဲ့သောအခါ မီးရောင်က တဖြည်းဖြည်း ပြောင်းသွား၏ ။ မီးအိမ်မှဝါဖန့်ဖန့်အလင်းမဟုတ်တော့ပဲ အအေးခန်းထဲတွင် အပြာနုနုအလင်းဖြူတို့ လင်းနေသည် ။ ခပ်အေးအေး မီးရောင်ကြောင့် ရင်ခွဲခုံတွေပေါ်မှာ တင်ထားသော ပိတ်ဖြူအုပ် လူသေကောင်တို့သည် ပိုမိုခြောက်ခြားဖွယ်ကောင်းနေလေသည် ။
ВЫ ЧИТАЕТЕ
Days of Counting Camellia (Hiatus)