"Hey, Hello"
ရန်နောင်နဲ့ ဖိုးသားကိုမြင်သည်နှင့် အပြေးတစ်ပိုင်းနှုတ်ဆက်ကြသူတွေ။ ကြည်ရှင်းသန့်နဲ့ ကျောင်း Campus အနီးအနားလျှောက်ကြည့်ပြန်လာတာတော့ ရန်နောင်နဲ့ဖိုးသားက Club ဆီ ဆွဲခေါ်လာခြင်းဖြစ်သည်။ Club နာမည်က Zoom။ ဒီမှာ ကျောင်း Campus ဝင်းတွေကအကျယ်ကြီးတွေဖြစ်တာကြောင့် တစ်နေရာနှင့်တစ်နေရာသွားဖို့အတွက် စက်ဘီးမစီးလို့မဖြစ်။ ဖိုးသားနင်းတဲ့စက်ဘီးနောက်ကလိုက်စီးရပြီး Club ထိရောက်ဖို့ ဆယ့်ငါးမိနစ်ကြာသည်။
Club ဆိုပေမယ့် ကျောင်းသားတွေပဲအလာများတဲ့နေရာဖြစ်လို့ အညှီအဟောက်များပုံတော့မရ။ Dance floor ပေါ်မှာစီးမြောနေကြသူတွေတောင်မှ ဟော့ဟော့ရမ်းရမ်းမပါ။ သီးသန့်အခန်းတွေလည်းရှိပြီး အဖျော်ယမကာအပြင် အကင်မျိုးစုံကလည်းဘူဖေးစနစ်ဖြစ်သည်။
"ဒီကိုလာနေကျလား"
Club ထဲရောက်တာနဲ့ သူရိန့်ကိုမေ့သွားသည့် ရန်နောင်နဲ့ဖိုးသားကြောင့် စားသောက်ဖို့ရွေးနေသူနား တိုးကပ်မေးရသည်။
"လာကြပါတယ်။ စာမေးပွဲပြီးတဲ့ရက်တွေ။ gathering တွေ၊ goodbye party တွေရှိရင်လေ။ ဒီပဲလာကြတာ။ ကိုသူရိန် သောက်မလား"
"ဘီယာလောက်ပဲ"
"အိုကေမှာလိုက်ပြီဗျာ။ ကျွန်တော်တို့ အခန်းလည်းယူလိုက်မယ်"
"ဘာလို့လဲ မင်း မကဘူးလား"
"No No။ ဒီက အကင်တွေကောင်းလို့ လာရတာကြိုက်တာ။ ကျွန်တော်မကတတ်ဘူး။ ပြီးတော့ အသံတွေဆူရင် အာရုံများလို့။ အခန်းယူရင် ကိုသူရိန်အဆင်ပြေရဲ့လား"
"ပြေတယ်"
သူရိန်သတိထားမိသလောက်ဆိုရင် AIT မှာကျောင်းတက်ကြသည့်ကျောင်းသားအများစုက အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံသားတွေအများဆုံးရှိပြီး ထိုင်းလူမျိုးတောင်ရာနှုန်းအနည်းငယ်သာတွေ့ရသည်။ Club ကိုရောက်တော့လည်း အရင်နေ့တည်းက ရန်နောင်နဲ့ဖိုးသားတို့မိတ်ဆက်နေကျကျောင်းသားတွေပင်။