💕Feeling of Love 💕 အပိုင်း ၆
ပန်းမိတ်ကပ်ရောင် ပိတ်ဖောက်ဇာလက်တိုဝမ်းဆက်ကို ဝတ်ဆင်လိုက်ပြီး ကိုယ်လုံးပေါ်မှန်ထဲက မိမိပုံရိပ်ကိုကြည့်လိုက်မိသည်။
ဒေါက်! ဒေါက်!
"နှောင်းရေ ငါရောက်ပြီ"
"အေး လာပြီလာပြီ"
အခန်းထဲကနေ ဦးကို အသံလှမ်းပေးလိုက်ပြီး ကုတင်ပေါ်မှာတင်ထားတဲ့ ဆလင်းဘတ်အိတ်ကို လွယ်လိုက်သည်။ ဒေါက်ပါတဲ့ကတ္တီပါဖိနပ်အမြင့်လေးကို ထုတ်စီးပြီး အခန်းထဲကထွက်လိုက်တော့ နှောင်းအခန်းရှေ့မှာရပ်နေတဲ့ ဦးကိုတွေ့လိုက်ရသည်။
ရှပ်အင်္ကျီလက်ရှည်ကို ယောပုဆိုးနဲ့တွဲဖက်ဝတ်ဆင်ထားတဲ့ ဦးက နှောင်းမျက်လုံးထဲမှာတော့ သန့်ပြန့်နေတာပါပဲ။
"ဝိုး.. ငါ့သယ်ရင်းက ချောလို့သန့်လို့ပါလား"
"ခုမှသိလား.. သွားမယ်မြန်မြန်"
"အေးပါဟဲ့.. လင်းလည်းရောက်ခါနီးပြီတဲ့"
နှောင်းက ဒုတိယထပ်မှာနေပြီး ဦးက နှောင်းအပေါ်ထပ်မှာနေတာမို့ ဘယ်သွားသွား ဦးက နှောင်းကိုဝင်ခေါ်ပြီးမှ ကားမှတ်တိုင်မှာစောင့်နေတတ်တဲ့လင်းဆီ သွားကြတာများသည်။ စနောက်ရင်း နှစ်ယောက်သား တိုက်ပေါ်ကနေဆင်းလာကြသည်။ ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဖြစ်တာကြောင့် သူငယ်ချင်းသုံးယောက် ရွှေတိဂုံဘုရားသွားဖို့ချိန်းထားကြတာပင်။ မနက် ၆နာရီတောင်မထိုးသေးတာမို့ လမ်းသွားလမ်းလာရှင်းလင်းနေပြီး လမ်းထိပ်ဓမ္မာရုံက တရားသံကသာ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဘေးချင်းယှဉ်ရက်လျှောက်နေတော့ မြင်နေရတဲ့နှောင်းရဲ့မျက်နှာလေးကို ကြည့်ပြီး ရောင်နီ မမျိုသိပ်နိုင်စွာ မေးမိတယ်။
"နင် ရည်းစားရနေပြီလား နှောင်း"
နှောင်း ဦးကို အံ့သြစွာမော့ကြည့်လိုက်ပြီး ပြုံးပြကာ
"ငါကပဲ သိသာနေတာလား.. နင်ကပဲ အကဲခတ်တတ်လွန်းနေတာလား"
"ငါတို့သူငယ်ချင်းသံယောဇဉ်က ဘယ်နှနှစ်ရှိနေပြီလဲ.. နင်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိလဲဆိုတာ တန်းသိပြီးသား.. နင် ခုတလော ငါတို့နဲ့လည်း သိပ်မဆုံဖြစ်ပဲ ဒီရက်ပိုင်း အိမ်ပြန်နောက်ကျတယ်လေ.. ဆိုပါဦး ဒါဆို ရည်းစားရှိနေတာတကယ်ပေါ့"