💕 Feeling of Love 💕 အပိုင်း ၃၀
၎ရက်ခန့်ကြာသော်
February 14th Valentine's Dayကားမောင်းနေတဲ့ မောင့်ကို ကြည့်လိုက် နှောင်းရဲ့ပေါင်ပေါ်မှာ တင်ထားတဲ့ မောင်ပေးထားတဲ့ အပွင့်တစ်ရာပါတဲ့ နှင်းဆီပန်းစည်း အနီရဲရဲလေးကို ကြည့်လိုက်နဲ့ နှောင်းနှုတ်ခမ်းပါးတို့က ကြည်နူးမှုဖြင့် သူ့အလိုလို ပြုံးနေမိသည်။ ပန်းဆိုရင် ပန်ရတာကိုသာမကြိုက်ပေမယ့် ခုလိုချစ်သူဆီကနေ ပန်းစည်းလက်ဆောင်ရတာမျိုးဆိုရင်တော့ ဘယ်မိန်းကလေးမဆို နှောင်းလိုပဲ ကြည်နူးမိမှာမဟုတ်ဘူးလား။ ဒီထက်ပိုပြီး ကြည်နူးစရာကောင်းတာက ဒီနေ့ဟာ နှောင်းနဲ့မောင်ရဲ့ ပထမဆုံးဖြတ်သန်းရတဲ့ ချစ်သူများနေ့အပြင် တိုက်တိုက်ဆိုင်ဆိုင် နှောင်းတို့ချစ်သူသက်တမ်း ရက် ၁၀၀ ပြည့်တဲ့နေ့ဖြစ်နေသည်။
အမှန်တကယ်တော့ ဒီနေ့ကို ချစ်သူများနေ့အဖြစ်သာ နှောင်းကသိထားတာဖြစ်ပြီး ရက်တစ်ရာပြည့်ဆိုတာကိုက လုံးဝသတိမရခဲ့။ မောင်က ဒီနေ့ နှောင်းကို အပြန်ဝင်ကြိုတော့ ကားပေါ်အတက် ပန်းစည်းကိုကိုင်ထားတဲ့ မောင့်ကို မြင်ပြီး အံ့အားသင့်သွားမိသေးသည်။ ပန်းစည်းက တအားကြီးလွန်းတော့ ထိုင်နေရင်းကိုင်ထားတဲ့ မောင့်မျက်နှာကို ကွယ်နေသည်လေ။ Happy Valentine's Day ဆိုပြီး ထိုင်နေတဲ့နှောင်းဘက် ပန်းစည်းထိုးပေးလာတာမို့ နှောင်းလည်း ယူလိုက်ရင်း ကျေးဇူးပါမောင် Happy Valentine's Day ပါ ဟု ပြန်ပြောလိုက်မိတဲ့အထိ မသိသေး။
"မောင်နော်... ဒီနေ့ဒိတ်အတွက် တော်တော်လေး ပိုက်ဆံသုံးနေတယ်ဆိုတာကိုရော သိရဲ့လား... ပန်းစည်းက သေးသေးဆိုလည်း ရပါတယ်... ခုလို အကြီးကြီးကျတော့ သဘောကျပေမယ့် နှမြောတယ်"
"ဒီနေ့က မောင်တို့ရဲ့ပထမဆုံးဖြတ်သန်းရတဲ့ချစ်သူများနေ့လေ ပြီးတော့ အမှတ်တရနေ့တစ်ခုလည်း ဟုတ်တယ်... ဒါကြောင့် ဒီနေ့ကိုလုံးဝ အထူးစပယ်ရှယ်အနေနဲ့ပြင်ဆင်ထားဝာာ"
"ပန်းစည်းကအကြီးကြီးပဲနော်... ပန်းက ဘယ်နှပွင့်တောင်လဲ"
"အပွင့် ၁၀၀"
"ဟင် အပွင့် ၁၀၀ တောင်... ဘာအဓိပ္ပါယ်နဲ့ပေးတာလဲဟင်... ပန်းပွင့်အရေအတွက်နဲ့လိုက်ပြီး အဓိပ္ပါယ်အမျိုးမျိုး ရှိတယ်မလား... နှောင်းက သေချာတော့မသိပေမယ့် အဲ့လိုမျိုးလေးတွေ စိတ်ဝင်စားလို့ မောင်သိရင်ပြောပြ"