အေးစက်နေသည့် ညရဲ့လေဟာဆိုရင် ပန်းရနံ့တွေကိုသယ်ဆောင်သည်။ အိမ်ကလေးရဲ့ဘေးက ကုလားထိုင်မှာထိုင်ရင်း ညနက်သန်းခေါင်ယံဟာဆိုရင် ကြယ်တွေဘယ်လောက်စုံကြောင်းရေတွက်မိသလို တိတ်ဆိတ်ငြိမ်သက်မှုဟာလည်း အထီးကျန်နေသည့်သူတွေအဖို့ပို၍ အထီးကျန်စေသည့်ဟုထင်ရသည်။ အနွေးထည်အထူကို ဆွဲစိလိုက်ရင်း အချိုးကျရောစပ်ထားသော ခွက်ကိုကိုင်ကာသောက်လိုက်မိသည်။
နည်းနည်းလေးမှမခါးပါဘူး၊ ကျွန်မရှေ့မှာထိုင်နေသည့် အမျိုးသမီးရဲ့အရက်ကိုအချိုးကျရောစပ်နိုင်စွမ်းက အတော်ကောင်းသည်ဟုပြောရမည်ဖြစ်သလို ကင်ထားသော အသားကင်တွေရယ်၊ အစပ်အရသာအာလူးချောင်းကြော်ရယ်၊ မုန့်ညှင်းရွက်ကိုချဉ်စပ်ကြော်ထားတာရယ်ဟာ ဒီလိုကိစ္စမျိုးမှာ သူဟာရင်းနှီးကျွမ်းဝင်နေတယ်ဆိုတာပြလို့နေသလိုပင်။
အာ..ကျွန်မရဲ့ငါးကြော်လေးတောင် နည်းနည်းမျက်နှာငယ်သွားရသလိုပါပဲ။
"စိတ်ချမ်းသာစရာကောင်းသလို အထီးကျန်စရာလည်းကောင်းတယ် ကျွန်မတစ်ခုလောက်မေးလို့ရမလား တစ်ယောက်တည်းနေနေရတာ မပျင်းဘူးလား"
အရည်ဝင်လာတော့ အနည်းငယ်တော့အာသွက်လာသည်လေ၊ ကျွန်မလည်းစကားများတတ်သူမဟုတ်ပေမဲ့လို့ ပန်းတွေကိုပျိုးထောင်ရင်းနဲ့တိတ်ဆိတ်ကာ အထီးကျန်ဆန်ပြီး နူးညံ့လှသည့်အမျိုးသမီးကိုတော့ တကယ်စိတ်ဝင်စားမိသည်။ ခင်မင်ရင်းနှီးလိုသည့်စိတ်တွေလည်းပေါ်ပေါက်လာရသည်လေ။
"အဝါလေးရှိတယ်လေ"
ပေါင်ပေါ်ကကြောင်ဖက်တီးကို သူကတစ်ချက်ပွတ်သပ်ရင်းကျွန်မရဲ့အမေးကိုသွယ်ဝိုက်စွာပဲ အဖြေပေးသည်။
ကြောင်တစ်ကောင်၊ လူတစ်ယောက် တကယ်ပဲ အထီးကျန်နေတာပဲ၊ ပြီးတော့ ကြောင်ချစ်သည့်သူအများစုဟာ တိတ်တဆိတ်နေရတာကိုသဘောကျကြသည်တဲ့။"ကောင်းပါတယ် အိမ်မွေးတိရစ္ဆာန်လေးတွေက တကယ်တမ်းလည်း လူတွေအတွက် healing ဖြစ်စေတဲ့ အကောင်လေးတွေပါ၊ ကျွန်မလည်းတစ်ကောင်လောက်မွေးသင့်လား"
သူဘာမှမပြောဘဲ ကျွန်မကိုကြည့်လာတော့ ကျွန်မခပ်တိုးတိုးရယ်လိုက်သည်။
YOU ARE READING
စောင့်ဆိုင်းခဲ့သည့်နောက်
Любовные романыOctober ရဲ့ Cosmos ပန်းတွေပျိုးထားတယ်.. မိုးတွေရပ်ပြီး ပန်းတွေပွင့်တဲ့အခါတွေ့ကြမယ်လို့ပြောတယ် စောင့်ဆိုင်းခဲ့သည့်နောက်မှာတော့...