အောက်တိုဘာလကုန်ခါနီးသည်နှင့် ရာသီဥတုပြောင်းလဲမှုကပို၍သိသာလာသည်။ မြန်မာပြည်အထက်ပိုင်းဒေသမြို့ဖြစ်သလို တောင်တန်းတွေနှင့်မြစ်ကြီးအကြားမှာတည်ရှိသောမြို့ကလေးဖြစ်တာကြောင့် ရာသီဥတုဟာ မြေပြန့်မြို့တွေထက် ပိုအေးသည်။ တိုက်သည့်လေကအစ ဆောင်းရဲ့အငွေ့အသက်တွေပါနေသလို မနက်ခင်းတွေမှာ မြူနှင်းတွေဝေစပြုလို့နေသည်။ ဒီထက်မကအေးလာသည့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီတွေမှာတော့ အိမ်တိုင်းလိုလို မီးဖိုနှင့် နေကြပြီး ခေါပုတ်ကင်၊ ပေါင်းသင်းကင်စားကြသလို ဆောင်းရာသီဟာ ဟင်းသီးဟင်းရွက်ကို အရင်ကထက်ပို၍ပေါပေါများများစားကြရသည်။
ကျွန်မအတွက်တော့ စိတ်ချမ်းသာစရာကောင်းသည်က မနက်ခင်းခပ်ပါးပါး မြူခိုးရစ်သိုင်းနေသည့်ကြားမှာ ရောင်စုံပွင့်လန်းနေသော ပန်းတွေပင်၊ ဝရံတာမှာကော်ဖီတစ်ခွက်နှင့်စိတ်လိုလက်ရ အချိန်များစွာကြာအောင် ထိုပန်းရောင်စုံတွေကိုငေးနေရတာဟာ မငြီးငွေ့နိုင်သလို အလှတရားတစ်ခုပင်။ စိတ်အေးချမ်းခြင်းဆိုသည့်အငွေ့အသက်ဟာလည်းအလိုလိုခံစားမိသည်။
ပန်းခင်းခြံကြီးရဲ့အနောက်မှာ စိမ်းမြမြလယ်ကွင်းတွေနှင့် မြက်ခင်းတွေဖြစ်သလို ကျွန်းပင်တွေ၊ ညောင်ပင်တွေနှင့် တခြားသစ်ပင်တွေများစွာရှိကာကျယ်ပြောသောတောကြီးဖြစ်သည်။ လယ်ကွင်းတွေကိုကျော်ကြည့်လိုက်လျှင်တော့ ခပ်ပြပြဖက်ဆွတ်တောင်တန်းကို မြူမှုန်ဝါးဝါးအောက်မှာတွေ့ရသည်။ လယ်လုပ်သည့်သူတွေနှင့် ထင်းခုတ်၊ မှိုရှာ၊ မျှစ်ချိုး၊ တခြားလတ်ဆတ်သည့်တောဟင်းရွက်ပေါင်းစုံကို ထိုတောကြီးမှာရှာဖွေသူလည်းပေါများသည်။
တကယ်ကို အလှတရားတွေကမျက်စိအောက်မှာပင်။
"အိုအို .. သား လေတံခွန်ဝယ်ချင်လို့ မုန့်ဖိုးပေးပါဦး"
"နင်တို့အဖေကရော"
"အဖေရောအမေရောမရှိဘူး မြို့ထဲသွားကြတယ်"
အမေနှင့်အစ်ကိုအကြီးဆုံး၏သားဖြစ်သူ ကျွန်မတူလေးရဲ့ စကားတွေအကြားမှာ လေတံခွန်ဆိုတာကိုကြားလိုက်ရတော့ ကျွန်မစိတ်ဝင်စားသွားမိသည်။ လေထန်နေသော အချိန်မှာစွန်လွှတ်ရတာဟာ ပျော်စရာကောင်းသလို စိတ်ခံစားချက်တွေကိုလည်းအတော်ကောင်းစေသည်။ ဘယ်နားမှာသွားလွှတ်ကြမည်ဆိုတာတော့မေးနေစရာမလိုပေ၊ သစ်တောသစ်ပင်ထူထပ်လှပေမဲ့လို့ ကွင်းပြင်ကြီးတော့ရှိသည်မလား။
YOU ARE READING
စောင့်ဆိုင်းခဲ့သည့်နောက်
RomanceOctober ရဲ့ Cosmos ပန်းတွေပျိုးထားတယ်.. မိုးတွေရပ်ပြီး ပန်းတွေပွင့်တဲ့အခါတွေ့ကြမယ်လို့ပြောတယ် စောင့်ဆိုင်းခဲ့သည့်နောက်မှာတော့...