ကွာရှင်းဖို့ကိစ္စပြောပြီးသည့်နောက်ပိုင်း ချန်ယောလ်ကသာ အဆင်မပြေဖြစ်နေပေမဲ့ ဟိုလူကတော့ ပုံမှန်အတိုင်း မနက်စာကောင်းကောင်းစားသည်။ အလုပ်အသွားအပြန် ပုံမှန်လုပ်သည်။ ချန်ယောလ်ကိုတွေ့လျှင် ပုံမှန်လို နှုတ်ဆက်စကားပြောသည်။ အဆုံးသတ်ရမည့် အမှုကိစ္စတွေအတွက် ကင်မ်ဂျုံအင်ကလည်း အိမ်ကို မကြာခဏရောက်လာသလို တစ်ခါတလေ မလွှဲမရှောင်သာ ချန်ယောလ်နှင့်စကားပြောဖြစ်သည်။
"ငါက မပိုင်ဆိုင်ရခင် စွန့်လွှတ်ရတာ
မင်းက ပိုင်ဆိုင်ပြီးမှ စွန့်လွှတ်ရတော့မှာ
မင်းသိပ်ညံ့တာပဲ ပတ်ချန်ယောလ်...မင်းအပေါ် အရမ်းကောင်းတဲ့လူကိုမှ မင်းလက်နဲ့အဝေးတွန်းထုတ်ပစ်ရတယ်လို့"ကင်မ်ဂျုံအင်စကားများကို ချန်ယောလ် ပြန်လည်ချေပလိုစိတ်မရှိပါ။ သူပြောတာတွေကအမှန်ပဲကို။
ချန်ယောလ်လက်ထဲကို ကွာရှင်းစာချုပ်ရောက်ရှိလာပြီး ရက်သတ္တပတ်ခန့်ကြာပြီးနောက် သူမရောက်ချင်သော တနင်္ဂနွေနေ့သို့ရောက်ရှိလာသည်။ အရင်ကတော့ ဟိုလူနဲ့အတူတူရှိလို့ရသည့် တနင်္ဂနွေကို သဘောကျသော်လည်း အခုတော့ သဘောမကျပေ။ ထိုလူနဲ့ မျက်နှာချင်းဆိုင်မိရင် ကွာရှင်းလက်မှတ်ထိုးပေးဖို့ ပြောမှာကြောက်သည်။
အခန်းပြင်မထွက်ချင်သောကြောင့် ချန်ယောလ် တစ်ချိန်လုံး အခန်းအောင်းပြီး အိပ်ယာပေါ် ခွေနေမိသည်။ ဟိုလူ ပေးထားသော ဖိုင်တွဲက သူ့မျက်စိရှေ့ရှိ စားပွဲပေါ်တွင်ရှိနေသည်။ သူမရဲတရဲနှင့် ဖွင့်ကြည့်ခဲ့တော့လည်း အသည်းနှလုံးမရှိသည့် အဲ့ဒီလူက တကယ်ကြီး လက်မှတ်ကို တစ်ဖက်သတ် ထိုးထားခဲ့တာဖြစ်သည်။ ရှေ့နေလက်မှတ်နေရာမှာ ကင်မ်ဂျုံအင် ထိုးထားသောကြောင့် သူနဲ့ကွာရှင်းပြီးရင် ကင်မ်ဂျုံအင်နဲ့ လက်ထပ်သွားမှာ များလားလို့ တွေးမိသေးသည်။
သူဒီစာချုပ်မှာလက်မှတ်ထိုးပြီး သူတို့ကွာရှင်းလိုက်ပြီးတဲ့အခါ မေမေက သူ့ကို ဘာပြောမှာလဲ။ အရမ်းဆူနေမှာလား။ ဒါမှမဟုတ် မေမေက ဒီကိစ္စကိသိပြီးသားမို့များ ဟိုနေ့က ဒီလူနဲ့အကြောင်းမေးတာများလား။ စိတ်ရှုပ်လာတဲ့ချန်ယောလ်က ဆံပင်တွေ ပွသွားအောင် ခေါင်းကို ကုတ်ပစ်လိုက်ပြီး ရေချိုးခန်းထဲသာဝင်ခဲ့တော့သည်။
YOU ARE READING
ချစ်သည် ဆိုတာထက် ပိုသော
Fanfictionအချစ်ပါမှ အိမ်ထောင်ရေးတစ်ခု ခိုင်မြဲမယ်လို့ ကျွန်တော် ထင်ခဲ့ဖူးတယ်... Park Chanyeol X Doh Kyungsoo Unicode+Zawgyi