ဤရက်ပိုင်းရာသီဥတုမကောင်းပေ။
အမှန်တော့ အဲ့နေ့ညနေ ဆူဘင်းပြေးထွက်လာစဥ်တည်းကမိုးရွာနေခဲ့ခြင်းဖြစ်၏။
တစ်ရက်ပြီးတစ်ရက်အဆက်မပြတ်ရွာနေတဲ့မိုးနှင့်အတူ သူ့စိတ်တွေဟာလည်းအနည်းငယ်တော့လေးပင့်နေလျက်။
" ထပ်ပြီးအဲ့နားရပ်နေပြန်ပြီလား အကို။ ပြောထားရဲ့နဲ့ဗျာ "
ဟျူနင်းဟာပြတင်းပေါက်မှန်တွေကိုဖွင့်ထားပြီးအပြင်ကိုငေးကြည့်နေတဲ့ဆူဘင်းအားဆွဲခေါ်သည်။ မိုးစက်မှုန်တို့လာရောက်ထိမှန်ထားတဲ့ဆူဘင်းမျက်နှာလှလှကိုမြင်တော့ မျက်မှောင်ကျုံ့ရင်း အခန်းထဲသို့ဝင်သွားသည်။
သိပ်မကြာ၊ပြန်ထွက်လာပြီးနောက် လက်ထဲတွင်ပုဝါအဖြူတစ်ခုကိုလည်းကိုင်လာသေး၏။
ငြိမ်ငြိမ်လေးရပ်နေဆဲဖြစ်သော ဆူဘင်းအရှေ့သို့သွားပြီး မျက်နှာအားဖွဖွလေးသုတ်ပေးပြန်သည်။
" ရပြီ! နောက်ဆိုထပ်မရပ်ရဘူးနော် တစ်ခါလေးတော့စကားနားထောင်ပေးပါဦး။ "
ပြတင်းပေါက်ကိုပြန်လည်ပိတ်ရင်း ပါးစပ်မှပွစိပွစိဖြင့်ဟျူနင်းကပြောသေးသည်။
တစ်ပတ်ကျော်၊နှစ်ပတ်နီးပါးရှိခဲ့ပြီ။ ဟျူနင်းခါအီကိုထားပြီးထွက်လာခဲ့တဲ့နောက်ရက်မှစကာ ဟျူနင်းကသူ့ဆီဆက်တိုက်လာသည်။ ပြန်လည်စတင်ဖို့ကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်။
ဆိုင်ဆိုလည်းဆိုင်၊အိမ်ဆိုလည်းအိမ်နှင့်ရောက်ရောက်လာတတ်သည့် ဟျူနင်းကိုဆူဘင်းနှင်ထုတ်၍လည်းမရ။ ချစ်ရသူကိုအတင်းနှင်ထုတ်ရသည်မှာသူလည်းပင်ပန်းပါသည်။
ထို့ကြောင့်ဆူဘင်းအလိုက်သင့်လေးနေမိပြန်၏။ နှင်လည်းမထုတ်၊ဆွဲလည်းမထားတဲ့အခြေအနေဖြင့်..။
" မတ်တပ်ကြီးဘာတွေတွေးနေပြန်ပြီလဲ အကိုရာ၊ သိပ်လည်းအတွေးများပါဘိ "
" မဟုတ်ပါဘူး ဒါနဲ့ စျေးကပြန်လာပြီပေါ့ "
" အင်း အကိုကြိုက်တာမှန်သမျှဝယ်ခဲ့တယ်။ အခုစားတော့မလား ကျွန်တော်ချက်လိုက်တော့မယ်လေ "
ဆူဘင်းအတန်ငယ်စဥ်းစားလိုက်သည်။ ပြီးနောက်ခပ်ပါးပါးလေးပြုံးရင်း...
" ဟျူနင်း ငါတို့အပြင်ထွက်စားကြမလား "
" ဗျာ! "
အံ့သြသွားဟန်ရှိတဲ့ဟျူနင်းကြောင့်ဆူဘင်းအပြုံးတို့ပျောက်ကွယ်သွား၏။
" အာ...မင်းကငါ့ကိုချက်ကျွေးချင်လို့ အစောကြီးစျေးသွားဝယ်ပြီးလာခဲ့တာကို ငါကအလေးမထားသလိုဖြစ်သွားလား "
" မဟုတ်ပါဘူး၊ ကျွန်တော်နဲ့အတူသွားမယ်ဆိုတာကိုအံ့သြတာ နောက်ရက်မှအကို့ကိုဟင်းချက်ကျွေးရလည်းဖြစ်တာမို့ အခုအကိုစိတ်ရှိတုန်းလေးအပြင်သွားမယ်လေ "
" တကယ်ဖြစ်ရဲ့လား "
" အကိုနဲ့ပတ်သက်ရင်မဖြစ်တာမရှိဘူး။ သွားပါ အဝတ်အစားလဲတော့ ကျွန်တော်စောင့်နေမယ် "
" အိုခေ အိုခေ။ မြန်မြန်လဲခဲ့မယ်နော် "
လုပ်ချင်ရာလုပ်ရလို့လွတ်လွတ်လပ်လပ်ပြုံးပျော်နေတဲ့ဆူဘင်းကြောင့် ဟျူနင်းလည်းပျော်ရွှင်နေမှာအသေအချာ။
ချစ်ရသူပျော်ရင်ပျော်သလို၊ ချစ်ရသူနာကျင်ရင် ကိုယ်တိုင်လည်းရင်ကွဲမတတ်နာကျင်ရသည်မို့၊ချစ်ခြင်းတွေဟာတိုက်ရိုက်အချိုးကျခြင်းများနှင့် လှလှပပရယ်...။
~~~~
" ဘယ်သွားချင်သေးလဲအကို "
နေ့လယ်စာစားအပြီး ကားပေါ်ပြန်အရောက်မှာပဲ ဟျူနင်းကမေးသည်။
" မသိဘူး "
" အကိုကနေ့လယ်စာစားဖို့အတွက်ပဲထွက်လာတာပေါ့ dateလုပ်ဖို့အတွေးလေးတောင်မရှိခဲ့တာလား "
ဝမ်းနည်းသွားဟန်လုပ်ပြသောဟျူနင်းပေ။
" ငါက....မင်းသွားရာလိုက်ဖို့စဥ်းစားထားတာ "
ဟျူနင်းခါအီဟာသဘောကျစွာဖြင့်ရယ်၏။ ဆူဘင်းကိုလည်းစိုက်ကြည့်နေသေးတာမို့ မနေနိုင်စွာသူကပဲအကြည့်လွှဲမိသည်။
" အားးးချစ်စရာလေးဗျာ ကျွန်တော်တော့အကို့ဆီကရုန်းမထွက်နိုင်လောက်တော့ဘူး။ အကိုတာဝန်ယူပေးရတော့မယ် "
ဆူဘင်းသိခဲ့တဲ့ဟျူနင်းဟာတည်ငြိမ်တဲ့သူရယ်။ အခုလိုမျိုးသူ့ကိုမျက်နှာနီရဲလာတဲ့အထိလည်းမပြောတတ်ဘူး။
" မသွားရင်နေတော့ ဟျူနင်းရာ "
ဆင်းဖို့ဟန်ပြင်တဲ့ဆူဘင်းကြောင့်ဟျူနင်းကပဲအလျှော့ပေးရပြန်ပါသည်။ စိတ်ကြည်နေတုန်းလေးရတဲ့အခွင့်အရေးဆိုတာကို ဟျူနင်းလည်းသဘောပေါက်နေသည်လေ။
" သွားမှာပါ အကိုရယ်၊ စိတ်မရှည်လိုက်တာ သွားမယ်နော် "
ထိုမှသာ အချစ်ငွေ့တို့လွှမ်းခြုံသောကားငယ်ဟာ တဖြည်းဖြည်းဆိုင်ရှေ့မှထွက်ခွာသွားတော့သည်...။
.
.
.
.
.
.
" တစ်နာရီလောက်စောင့်ရဦးမယ်ထင်တယ် ပြန်ချင်လား အကို "
ရုပ်ရှင်ကြည့်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်နှင့်ရုပ်ရှင်ရုံသို့ ရောက်လာခဲ့ကြပေမယ့် ပြဖို့အချိန်လိုသေးတာပင်။
" စောင့်လိုက်ကြရအောင် ဖြစ်တယ်မလား ဟျူနင်း "
သူတို့တွဲနေခဲ့စဥ်ကတစ်ခေါက်၊နှစ်ခေါက်သာအတူတူရုပ်ရှင်ကြည့်ဖူးကြသည်။ ယခုလိုငါးနှစ်ကြာပြီးမှ ပြန်ကြည့်ရမှာကိုဆူဘင်းအနေနှင့်လက်မလွှတ်ချင်။
သူဟာမမြင်ရတဲ့အနာဂတ်ကိုတွေးမျှော်နေတာမျိုးမရှိခဲ့သည်မှာကြာခဲ့ပြီ။ ထို့ကြောင့် မျက်စိရှေ့ရှိနေတဲ့အခွင့်အရေးကိုသာဖမ်းဆုပ်ချင်သည်။
" ဖြစ်တာပေါ့ ကျွန်တော့်သဘောကအကို့သဘောပဲ "
ဟျူနင်းကနူးညံ့စွာပြုံးရင်းပြော၏။
" ဟျူနင်း "
" ဗျာ "
" USမှာဘယ်လိုနေခဲ့လဲ "
အမေးနောက်မှာအဖြေမရှိ။ ဟျူနင်းကအတော်အတန်ကြာတိတ်ဆိတ်သွားသည်။ သူစကားမှားသွားသလားတွေးမိရင်း ပြန်တောင်းပန်ဖို့ပြင်လိုက်တော့မှ...
" ဒီတိုင်း အဆင်ပြေအောင်နေခဲ့တာပေါ့။ အကို့ကိုတော့အများကြီးလွမ်းပြီး အကို့စိတ်နဲ့အသက်ရှင်ခဲ့တာလေ "
ဟျူနင်းမျက်ဝန်းတို့ကသူ့ဆီအခြေချတဲ့အခါ ပြန်လည်စိုက်ကြည့်ပေးလိုက်သည်။
" အားလုံးကိုသိချင်တာ...ဟိုမှာနေခဲ့စဥ်ကအရာအားလုံး၊ ပြီးတော့ ဒီကနေထွက်သွားရတဲ့အကြောင်းကိုလည်းသိချင်တယ်။ ပြောပြဖို့တောင်းဆိုလို့ရမလား ဟျူနင်း "
ဟျူနင်းကခပ်ပါးပါးပြုံးပြန်သည်။
" သေချာတာပေါ့ ကျွန်တော်ကအကို့ကိုအကုန်လိုက်လျောပေးမှာ "
ထို့နောက်မှာတော့ ဆူဘင်းလည်းပြုံးလိုက်မိသည်ထင်။ လွန်ခဲ့တဲ့ငါးနှစ်ကိုသေချာသိမှ ဟျူနင်းကိုသူအပြည့်အဝနားလည်နိုင်လိမ့်မည်ဟူ၍ ထင်သောကြောင့်။
" မိဘတွေကကျွန်တော့်ကိုပြန်ခေါ်ခဲ့တာကြာပြီ။ တစ်ယောက်တည်းကျောင်းတက်ဖို့လွှတ်ခဲ့တုန်းကမသွားချင်ဘူးပြောတာတောင်အတင်းလွှတ်ခဲ့ပြီး ပြန်ခေါ်တော့လည်းအတင်းအကျပ်ပဲ။ မိသားစုရဲ့လုပ်ငန်းစုကြီးကိုဦးစီးဖို့အတွက် ကျွန်တော်သန်မာဖို့လိုတယ်တဲ့လေ အဲ့တာကကိုရီးယားကိုတစ်ယောက်တည်းရောက်လာရတဲ့အကြောင်းအရင်းပေါ့။ "
" ကျွန်တော်အစွမ်းကုန်မပြန်ရဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဖေဖေဆေးရုံတင်လိုက်ရတယ်ဆိုပြီးသိလိုက်ရတော့ ပြန်မှဖြစ်မယ့်အခြေအနေဆိုတာကိုနားလည်သွားခဲ့တယ်။ ကျွန်တော်အကိုနဲ့လုံးဝမခွဲချင်ပေမယ့် အခြေအနေကမျက်နှာသာမပေးခဲ့တော့ လမ်းခွဲဖို့ကိုသွေးအေးအေးပုံစံဖမ်းယူရင်းထွက်သွားခဲ့တာ "
ဟျူနင်းရဲ့အသံကတည်တည်ငြိမ်ငြိမ်နဲ့ပါပဲ။ ဒီတစ်ခေါက်မှာတော့စိတ်ထိန်းနိုင်ခဲ့ပြီထင်သည်။
" USပြန်ရောက်တော့အဖေ့လုပ်ငန်းကိစ္စတွေကိုဦးစီးရတယ် တစ်ဘက်မှာလည်းကျောင်းဆက်တက်ရင်းနဲ့ပေါ့။ ပင်ပန်းခဲ့တာကရူးမတတ်ပဲ။ ကျွန်တော့်မှာအကို့ကိုလည်းလွမ်းရသေးတာလေ၊ တစ်ခါတစ်ရံအကို့ကို ဆက်သွယ်ရမလားတွေးမိပေမယ့် အနာတွေကိုပြန်စွပေးသလိုဖြစ်မှာစိုးတာကြောင့် မဆက်သွယ်ဖြစ်ခဲ့ဘူး။ "
" နောက် ငါးနှစ်လောက်အချိန်ပေးလိုက်ရင်း ဟိုမှာရှိတဲ့အကိုတစ်ဝမ်းကွဲကိုလုပ်ငန်းလွှဲပေးခဲ့တာ။ အဲ့ကိစ္စမှာလည်းအတိုက်အခံတွေအများကြီးလုပ်ခဲ့ရသေးတယ်၊ ဒီကိုပြန်လာဖို့ဆိုတာအကြောင်းအရင်းလိုအပ်နေတာမို့ စေ့စပ်ပွဲဆိုတာကိုပါလက်ခံပြီးလာခဲ့ရတာပေါ့ "
" ဒါတွေကဖြစ်ပျက်ခဲ့သမျှအကုန်ပဲအကို "
ဆူဘင်းငြိမ်နေမိသည်။ သူဟာကျန်ရစ်ခဲ့ရပြီးနာကျင်ခဲ့ရသလိုပဲ ဟျူနင်းမှာလည်းအတော်လေးပင်ပန်းနာကျင်ခဲ့ရသည်။
ထိုကဲ့သို့တွေးမိတော့ သူ့စိတ်တွေဟာပေါ့ပါးလာတာမဟုတ်၊ ပိုပြီးလေးလံလာရသည်။ ထပ်ပြီး ဖြစ်လာမှာမျိုးကို သူသိပ်ကြောက်ရ၏။
ရုတ်တရက်၊ ဟျူနင်းဟာဆူဘင်းလက်ကိုဖြည်းညှင်းစွာဆွဲယူသည်။ အချိုသာဆုံးသောအကြည့်တွေနှင့်ဆူဘင်းကိုသာအာရုံစိုက်လျက်..။
" အကို ဘာလို့အဲ့လောက်ပူနေရတာလဲ၊ အကိုကကျွန်တော့်အတွက်ကံကောင်းခြင်းတစ်ခုပါ။ အရမ်းလည်းအရေးပါတာကိုသိတယ်မလား။ သိတယ်ဆိုရင် ကျွန်တော့်ကို အကိုကထပ်နာကျင်အောင်လုပ်မိမှာဆိုတဲ့အတွေးတွေနဲ့ပိတ်လှောင်မနေပါနဲ့ "
ဟျူနင်းခါအီကသိနေခဲ့ပုံပင်။ ချွဲဆူဘင်းတစ်ယောက် ထပ်ပြီးထိုလူသားကိုနာကျင်အောင်လုပ်မိမှာ၊ ပင်ပန်းအောင်လုပ်မိမှာမျိုးကိုသိပ်ကြောက်ပြီး ပြန်လည်စတင်ဖို့လက်မခံနိုင်တဲ့အကြောင်းကိုသိနေခဲ့တာဖြစ်လိမ့်မည်။
ဟျူနင်းဆိုတဲ့လူသားငယ်က သူ့ကိုအဲ့လောက်နားလည်နိုင်ရသလား။
" သိနေခဲ့တာလား "
" သိပ်သိတာပေါ့ဗျာ၊ ကျွန်တော်ကအကို့ကိုယုံတယ်။ အတိတ်ကဖြစ်ရပ်တွေအတွက် ဘယ်သူ့အပြစ်လို့မှမသတ်မှတ်ပဲနေရအောင်။ ကိုယ့်ကိုယ်ကိုယ်ယုံလိုက်ပါ၊ အကိုကကျွန်တော့်ကိုထပ်ပြီးနာကျင်စေမှာမဟုတ်ဘူး "
သူ့မျက်ဝန်းဖျားမှာအရည်ကြည်တို့ရစ်ဖွဲ့လာသည်။ ထပ်မငိုချင်တော့ဘူး။ ရှေ့လျှောက်ပျော်ချင်ပြီလေ။
" ဘယ်တုန်းကအဲ့လောက်စကားတွေတတ်သွားတာလဲ "
" အကို့ကိုချစ်မိတဲ့အချိန်ကစပြီးဖြစ်မှာပေါ့ "
" အချိန်တော့လိုမယ် ဟျူနင်း၊ အခုထိ နည်းနည်းကြောက်နေသေးတာမို့ "
" အဆင်ပြေပါတယ် အကိုကြိုက်သလောက်အချိန်ယူပါ "
ဆူဘင်းသဘောတကျပြုံးလိုက်မိသည်။
" သွားမယ် ရုပ်ရှင်ပြတော့မှာ "
မတ်တပ်ရပ်နေတဲ့သူ့ဆီကမ်းပေးလာတဲ့လက်ကြောင့် စကားတတ်တဲ့လူကြီးပေါက်စကဆွဲထူခိုင်းနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။
မြန်မြန်ဆွဲခေါ်ရင်း ရုံထဲဝင်ကာကြည်နူးစရာအချိန်လေးကိုဖြတ်သန်းခဲ့ကြသည်ပင်။
အိမ်ပြန်လမ်းကိုလည်းတစ်ယောက်တည်းမဖြတ်သန်းရတော့ ထိုနေ့ဟာချွဲဆူဘင်းအတွက်လှပခြင်းတွေသာကြီးစိုးနေပေသည်။
-------------------------------------------------------------Forsythia_Bom
21/11/2022Thanks for reading💛
YOU ARE READING
𝑳𝒐𝒗𝒆 𝒊𝒔 𝒔𝒊𝒎𝒑𝒍𝒆 [Commission]
Fanfictionချစ်ခြင်းတွေဟာတိုက်ရိုက်အချိုးကျခြင်းများနှင့် လှလှပပရယ်...။