1

8.7K 254 8
                                    

စိမ့်။

“ဟေး ရပ်စမ်း။”

ထွက်လာတဲ့ အသံက ကျယ်လောင်ကာ မာထန်ပြီး ဟိန်းထွက်နေတဲ့ သြဇာသံ အပြည့်နဲ့ အသံမျိုး။ မျိုးသက် မိမိပတ်ပတ်လည်က လူတွေ ခြေထောက်ကြား ကနေ အသံလာရာကို လှမ်းကြည့်လိုက်ပါတယ်။

မျိုးသက်ကို ဝိုင်းပြီးကန်နေတဲ့ ကောင်တွေ အဖွဲ့လဲ နောက်ကို လှည့်ကြည့်လိုက်ကြပါတယ်။

“ဘယ်သူ အော်လိုက်တာလဲ။ ကျော်ကြီး။”

“ဘယ်သူမှ မရှိပါဘူး။ ဟို အခြောက်မ တစ်ယောက်ပဲ ရှိတာ။”

“အေး ဘယ်သူမှလဲ မတွေ့ဘူး။”

“သူ အော်လိုက်တာ များလား။”

“မဖြစ်နိုင်တာ။ မင်းကလဲ။”

ဒါပေမယ့် သူတို့ ကြည့်နေတုန်းမှာပဲ ရပ်ကွက်ထဲက ဘောလုံးကွင်းထဲမှာ တစ်ယောက်ထဲ ရှိတဲ့ သူမက တစ်လှမ်းခြင်း သူတို့စီ လျှောက်လို့လာနေလေရဲ့။ အောင်ဒင် မျက်နှာကိုမဲ့ခနဲ ပြုံးလိုက်ပြီး နှုတ်ခမ်းကို လျာနဲ့သပ်လိုက်ပါတယ်။

ကြည့်ဦးလေ။ အသားခပ် လတ်လတ် အရပ်က မနိမ့်မမြင့် ခန္ဓာကိုယ်က မပိန်မဝကို ယောက်ျားဝတ် ရှပ်အင်ကျီ ခပ်ပွပွ လက်ရှည်နဲ့ ပုဆိုးကို ထမိန်လို ဘေးစောင်းဝတ်ထားတယ်။ မျက်နှာမှာ သနပ်ခါး ပါးကွက်ကို အစင်းလေးတွေနဲ့ သေချာလိမ်းထားတာ ညီနေတာပဲ။ ဆံပင်က ပုခုံးလောက်ကို နောက်မှာ စီးထားတယ်။ ဒီလောက်ဆို ဒီကောင်ဘာလဲ ဆိုတာ အောင်ဒင် သဘောပေါက်ပြီလေ။

“ခုန အော်လိုက်တာ မင်းလား။”

အနားကို ရောက်လာတဲ့ သူ့ကို ကျော်ကြီးက မေးလိုက်တော့ သူက ပြုံးလိုက်ပြီး

“မင်းလို့ မခေါ်နဲ့ တို့နာမည် ညိုညိုစိမ့် တစ်လုံးထဲ စိမ့်လို့ ခေါ်လို့ ရတယ်။”

“ဟား ဟား ဟား။”

သူတို့ တစ်ဖွဲ့လုံး (၇) ယောက်ရှိတာ အားလုံး တဟားဟား ထရီလိုက်ကြတော့ သူမက ပြုံးပြုံးလေးပဲ ကြည့်နေပါတယ်။ မျိုးသက် လဲနေရာမှ ကုန်းထမလို့ လုပ်တုန်း တစ်ယောက်က မှောက်ယက်ဖြစ်နေတဲ့ မျိုးသက်ရဲ့ လည်ပင်းကို ခြေတစ်ဖက်ဖြင့်နင်းထားတာမို့ ထလို့မရ။ သူတို့ ရီနေတုန်း သူမက ပုခုံးပေါ်က ချွေးသုပ်ပုဝါပိုင်းလေးကို ယူကာ မျက်နှာကို အသာတို့ရင်း ချွေးစတွေကို ဖွဖွလေး သုပ်လို့နေပါတယ်။

Seint (စိမ့်) << Completed >>Tempat cerita menjadi hidup. Temukan sekarang