၃၅

2.7K 220 10
                                    

"ဆာယာ...ဟောသည် ရွာသာရွာက ကလေးတွေအတွက်  ဆာယာ့ရဲ့အရိပ်က အေးမြစေခဲ့ပြီးပြီ   ခိုလှုံရာ အရိပ်မရှိသေးတဲ့ ကလေးတွေကတော့ ဆာယာ့ကို လိုအပ်နေဆဲပဲ "

"ကိုယ်လေ.. ကိုယ့်ဆာယာလေး.... ကိုယ့်နှလုံးသားအေးရိပ်လေးကို အနားမှာ ရှိစေချင်တာပေါ့  ဒါပေမယ့်လေ ဒီအေးရိပ်လေးကို ကိုယ်တစ်ယောက်တည်း လုယူမထားချင်ဘူး

ပူလောင်သောကတွေဝေနေရတဲ့ နေရာမှာ ဆာယာ့ရဲ့ မေတ္တာတွေဖြန့်ဝေစေချင်တယ်
ရွာသာရွာလေး ပြောင်းလဲသွားသလို ဝေးလံခေါင်ဖျားတဲ့အခြားဒေသတွေကိုလည်း ပြောင်းလဲစေချင်တယ်

သွားပါ ဆာယာ  အဲ့သလိုနေရာတွေကိုသာ သွားလိုက်ပါ  ကိုယ်ချစ်မြတ်နိုးရတဲ့ ဆာယာ့ကို ဂုဏ်ယူစွာနဲ့ပဲ ကိုယ်စောင့်စားနေမယ်နော် "

ချစ်ရသူကပါ ခွင့်ပြုနေလေတော့ အပြောင်းအရွှေ့ တင်ခွင့်ရသည်နှင့် ပညာရေးမှူးရုံးဆီသွားကာ လျှောက်လွှာတင်ခဲ့သည်။ ပညာရေးမှူးကတော့ မေးရှာသည်။

"ဆရာလေး မြို့ပေါ်ကိုပြန်သွားမလား "

"ကျွန်တော် မြို့ကို မပြန်ပါဘူး ဆရာကြီး စေလိုရာစေပဲ ထပ်လျှောက်မှာပါ ကျွန်တော့်ကို လိုအပ်နေတဲ့ နေရာတွေဆီကိုသာ တာဝန်ချပေးပါ"

​နှောင်တွယ်စရာသံယောဇဥ်ကြိုးဟူ၍ ကာလသားခေါင်းသာ ရှိသည့် ဘဝမို့ အခြားငဲ့ကွက်စရာ ဘာမှမရှိ။ သွားလိုရာသွားနိုင်သည်။ နေလိုရာနေနိုင်သည်။ သည်ရွာလေးမှ ထွက်မသွားရခင်အချိန်မှာတော့ သူလုပ်ရမည့်တာဝန်တွေကို ကျေအောင်လုပ်ရဦးမည်။ အခြားရွာမှ စာလာသင်သည့် ကျောင်းသား သုံးယောက်ဟာ ဆယ်တန်းပြန်ဖြေရန် ပြင်ဆင်နေခဲ့သည်မို့ထိုသုံးယောက်ကို အချိန်ပေးပြီး ကြပ်ကြပ်မတ်မတ် စာသင်ပေးရသည်။

ယခုတစ်နှစ်ပြီးလျှင် မူလတန်းပြီးသည့် ကလေးများ ရှိလာပြီမို့ မြို့ပေါ်ကကျောင်းတွင် အတန်းဆက်တက်ရတော့မည်။ စက်ဘီးကိုသာ အားကိုးပြီး ကျောင်းတက်ရသည့်အခြေအနေဖြစ်ရာ ကလေးများအား စက်ဘီးစီးတတ်စေရန် သင်ပြပေးရသည်။

"မေဖူး ခါးကို လိမ်မထားနဲ့  ဖြောင့်ဖြောင့်ထားပြီးစီး  လက်ကိုသေချာထိန်း မကြောက်နဲ့နော် "
ကလေးတွေအရပ်နှင့်မှီသည့် စက်ဘီးငယ်များဖြင့် ကျောင်းဆင်းချိန်တိုင်းလေ့ကျင့်ပေးရသည်။စီးတတ်သည့်ကလေးများက စီးတတ်နေပေမယ့် မစီးရဲသည့်ကလေးများက ရှိနေဆဲ။

ဆာယာ_ completed Donde viven las historias. Descúbrelo ahora