၃၉

2.8K 237 4
                                    

နှင်းငွေ့မြူတို့ရစ်ဆိုင်းသည်သာ မြင်ခဲ့ရသူအဖို့ မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် တိမ်ပင်လယ်ကြီး အရှေ့ရောက်နေသည်ဟာ ထူးဆန်းအ့ံသြဖွယ်အတိ။ ဆောင်းလေညင်းတို့ဟာ အသွေးအသားထဲအထိစိမ့်ဝင်နေလေရာ ထူထဲသည့် အနွေးထည်တွေပင် ကာကွယ်မှုမပေးနိုင်ချေ။ တရုတ်ပြည်ဘက်မှ တင်သွင်းသည့် စောင်အထပ်ထပ်ကို ခြုံထားပေမယ့် ရွာက ဂွမ်းစောင်ထူထူဟာ ပိုပြီးနွေးထွေးစေသလို ခံစားမိရသည်။ တောင်တန်းတွေကြားမှ တိမ်ပင်လယ်ကို နံနက်တိုင်း ထိုင်ငေးရင်း ​မြေပြန့်ကချစ်သူကို တမ်းတမိပြန်သည်။ အလှအပရှုခင်းတွေဟာ တစ်ဦးတည်းထိုင်ကြည့်နေလျှင် လွမ်းစိတ်ပိုစေတတ်သည်မဟုတ်လား။

အိပ်ရာထဲမှ ထလာတော့မီးဖိုထားသည့် ဘေးတွင် ဆက်ထိုင်ရင်းငေးသည်။ ဘေးနားမှာ ထိုင်နေသည့် ကလေးနှစ်ယောက်ကတော့ သူ့ကိုအဖော်ပြုရင်း လာနေပေးကြသည့်သူတွေပင်။ သူတို့အချင်းချင်းပြောဆိုနေသည့် စကားတွေကိုတော့ သူလည်း နားမလည်ပေ။ ငြင်းခုန်နေကြဟန်တူသည့် ကလေးနှစ်ယောက်ဟာ သူ့ကိုပါ ဆွဲထည့်ပြီးမေးလာသည်။

" Zool ရုံမယ်  မိုမိုဆင် ရှိလယ်နော့ ဆာယာ "

ခပ်ဝဲဝဲစကားသံရယ် အဆင်ပြေသလို သုံးနှုန်းလာသည့် စကားလုံးတွေအား သူလည်း အသားကျနေခဲ့ပြီ။

" အင်း ရှိတယ်လေ"

သူ့ထံမှ အဖြေစကားရလေတော့ အချင်းချင်းပြန်ပြီး ငြင်းခုန်ကြပြန်သည်။ သည်ကလေးတွေရှိနေလေတော့ အနည်းငယ်အပျင်းပြေသည်ကလည်း အမှန်ပင်။ သူ့အနားကပ်ကာ မေးတတ်သည့် မြို့ကြီးပြကြီးကအကြောင်းတွေကိုဆိုလျှင်  ထပ်ခါတလဲလဲပြောရပေါင်းလည်း များချေပြီ။ ဝမ်းသာစရာတစ်ခုကတော့ သည်ဒေသမှ ကလေးတွေဟာ ဗမာစကားကို အကျွမ်းတဝင်ရှိလာကြသည့်အချက်ပင်။ စာသင်ကြားရာတွင်လည်း ပိုပြီး ထိရောက်လာသည်။ တစ်ခါတရံ ဗန်းစကားတွေကိုသာ နားမလည်နိုင်ဘဲ ရှိနေကြသည်ကသာ လိုအပ်ချက်တစ်ခုဖြစ်နေခဲ့သည်။

" ကဗျာ ရေးတတ်လား ဆာယာ   "

ဆရာ ဟူသည့် စကားကို သူတို့၏မပီမသအသံနှင့်ပြောလေသော အခါ ဆာယာ ဆိုသည့် သူ့နာမည်သာ ထွက်လာတတ်သည်။

ဆာယာ_ completed Où les histoires vivent. Découvrez maintenant