Chapter-9

3.2K 333 9
                                    



အချိန်ပြည့်ဝန်ထမ်းတစ်ယောက်ဖြစ်လာသည့်အချိန်မှစ၍ ရှန်းရှန်းသည် နည်းနည်းအလျင်စလိုဖြစ်နေ၏။ နေ့တိုင်း သူမက Big Boss ပြန်လာမည့်ရက်များကို ရေတွက်နေလေသည်။

ဥပမာအနေဖြင့် မနက်တိုင်း ဖုန်းထန်အဆောက်အဦးထဲသို့ခြေမချမီ သူမသည် ရဲရင့်သောစိတ်ဓာတ်အပြည့်နှင့်မျက်လုံးတွေဖြင့် (၂၂)လွှာကို မော့ကြည့်၏။ ညနေတိုင်း အလုပ်ဆင်းပြီးချိန်တွင်လည်း သူမက အပြင်ဘက်တွင်ရပ်လျက် အင်တင်တင်ဖြင့် အိမ်မပြန်ခင် ဝမ်းနည်းစိတ်နှင့်ပြည့်သိပ်နေသောမျက်လုံးများဖြင့် နောက်တစ်ဖန် မော့ကြည့်ပြန်သည်။

ထို့ကြောင့် ဖုန်းထန်အဆောက်အဦးတွင်းရှိလူတိုင်းမှာ ဥက္ကဌကြီးကအဝေးရောက်နေသည့်ရက်များတွင် ရွှယ်ရှန်းရှန်းက သူ့ရုံးခန်းအား မချိတင်ကဲဝေဒနာဖြင့် မော့ကြည့်လျက်ရှိကြောင်း သိထားကြသည်။ ကြည့်ရတာတော့ သူမက နက်နက်ရှိုင်းရှိုင်း လွမ်းနာကျနေသည့်ပုံပင်။

ယနေ့ မွန်းတည့်ချိန်တွင် ရှန်းရှန်းမှာ နေ့လယ်စာစားပြီးနောက် တစ်ရေးအိပ်ရန် သူမစားပွဲပေါ် မှီချလိုက်သည်။ တစ်ခဏလောက်အိပ်ပြီးနောက် ဖုန်းမြည်လာ၏။ ရှန်းရှန်း ပျင်းရိလေးတွဲ့စွာဖြင့် ဖုန်းကိုင်ပြီးနောက် အားမေအသံ ထွက်ပေါ်လာခဲ့သည်။

"ရှန်းရှန်း ရှင်အားတယ်ဆိုရင် ဒီကိုတက်လာခဲ့ပါဦး"

တက်လာရမယ်?!

ရှန်းရှန်း ထရပ်လိုက်မိ၏။ Big Boss ပြန်လာပြီလား?

သူမ လေးလေးနက်နက်ဖြင့် 'ကောင်းပြီ'ဟုပြောကာ ဖုန်းချလိုက်သည်။

ရှန်းရှန်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။

စိတ်အေးအေးထား စိတ်အေးအေးထား! ရွှယ်ရှန်းရှန်း! အောင်မြင်ခြင်းနတ်ဘုရားမက အမြဲတမ်း တရားမျှတမှုဘက်မှာရပ်တည်တယ်ဆိုတာ မမေ့နဲ့!

Big Boss က ရုပ်ချောပြီးချမ်းသာတာကြောင့်နဲ့ မပြိုလဲသွားနဲ့....

ရှန်းရှန်းသည် ချက်ချင်း အိပ်ပျော်နေရာမှ တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေပုံသို့ ပြောင်းလဲသွားတော့သည်။ သူမစိတ်ဝိညာဉ်မှာလည်း (၂၂)လွှာသို့သွားသည့်လမ်းတစ်လျှောက် ဆန္ဒပြင်းပြနေခဲ့၏။

Shan Shan ( ဘာသာပြန် )Where stories live. Discover now