Part 6

1.8K 61 1
                                    

Unicode

ဆည်းလည်းသံ ခရီးသွားအေဂျင်စီမှာတော့ ဝန်ထမ်းတွေ တရုန်းရုန်းနဲ့ ကိုယ်စီကိုယ်စီ အလုပ်တွေများနေကြတယ်။ မကြာခင် ခရီးသွားရာသီ ရောက်တော့မယ်လေ။ ပြည်တွင်းဘုရားဖူးထွက်မယ့်လူတွေရော ချောင်းသာ ငွေဆောင်လို ကမ်းခြေကို လည်ပတ်မယ့်လူတွေရော အစုံအစုံပါပဲ။ သံစဉ့်ခမျာလည်း လက်မလည်အောင် စာရင်းတွေဖြည့်ရ ဧည့်သည်တွေကို ဧည့်ခံရနဲ့ပါပဲ။

နေ့လယ်စာ စားချိန်ရောက်မှ နားရပါတော့တယ်။ ဒါတောင် ပေးတာက မိနစ်၂၀တောင် မပြည့်တပြည့်လေး..။

အဲဒါကိုမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ သီရိမေက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာမို့ သံစဉ်က

"ဟဲ့ သီရိ..နင် ဘာလုပ်နေတာလဲ? ထမင်းစားလေ။ အချိန်က ဘယ်လောက်မှ ရတာ မဟုတ်ဘူး"

"ငါ ငရဲတွင်းက လွတ်အောင် လုပ်နေတာဟဲ့"

"ဟင်?!!"

"အေးဆို။ ငါတော့ ဒီ ခေါင်းပုံဖြတ်လွန်းအားကြီးတဲ့ အေဂျင်စီမှာ မလုပ်နိုင်တော့ဘူးဟာ။ လစာလေး တစ်ပဲခြောက်ပြားနဲ့ လုပ်ရတာများ ကားနေရော.."

"အဲတော့ ထွက်လိုက်ပြီပဲထား။ နင့်အလုပ်က တန်းရမှာမို့လို့လား?"

"ငါကရော ဘယ်မှာတန်းပြီး ထွက်မယ်ပြောလို့လဲ ချင်းဂူးရဲ့။ အလုပ်အရင်လျှောက်ရမှာပေါ့။ ဒီမှာ အခုပဲ LinkedIn မှာ အလုပ်ကြော်ငြာထားတာ။ ငါနဲ့ အံကိုက်ပဲ"

"ဘယ်မှာ လုပ်ရမှာလဲ?"

"ဒရင်းဟိုတယ်လုပ်ငန်းစု"

"ဘာ?!! နင်..နင် ပြန်ပြောပါဦး။ ဘာ..ဘာဟိုတယ်?!!"

"ဒရင်းဟိုတယ်လေ။ နင် နားလေးသွားပြီလား? ဟဲ့ သံစဉ်..သံစဉ်.."

သီရိဆီက စကားတွေကို သံစဉ် မကြားနိုင်တော့ပါ။ အတွေးထဲမှာတော့ ဒရင်းဟိုတယ်လုပ်ငန်းစုသာ..။ အဲဒီထဲကမှ အစ်မ..။ အစ်မနဲ့ သိခဲ့ရတာ ရင်းနှီးခွင့်ရခဲ့တာ သံစဉ်နဲ့ ဘယ်လောက်မှ မကြာခဲ့ပါ။ ဒါပေမဲ့ သံစဉ် အစ်မအပေါ် သံယောဇဉ်တွယ်ခဲ့တယ်။ အစ်မဟာ မေမေ မမွေးဖွားပေးလိုက်တဲ့ သံစဉ့်ရဲ့ အစ်မတစ်ယောက်လိုပါပဲ။ အစ်မကို သံစဉ် သိပ်လေးစားခဲ့တယ်။ အစ်မဟာ သံစဉ့်အတွက်တော့ အရာရာ စံနမူနာထားစရာ ဖြစ်တည်မှုတစ်ခု..။ အဲဒီအတွက်ကြောင့် အစ်မပြောစကားကို သံစဉ် နားထောင်ခဲ့တယ်။ အိမ်ရဲ့ စီးပွါးရေး ချွတ်ခြုံကျသွားပြီး သောကတွေကြား လုံးထွေးရတာတောင်မှ အစ်မဖြစ်စေချင်သလို သံစဉ် စာကြိုးစားခဲ့တယ်။ အထူးသဖြင့် သူများတွေလို ကောင်းပေ့ညွှန်းပေ့ သင်တန်းတွေ မတက်နိုင်တဲ့ကြားက အင်္ဂလိပ်စာကောင်းအောင် သံစဉ် စိတ်နှစ်ပြီး ကျွမ်းကျင်အောင်လုပ်ခဲ့တယ်။ ဒါတွေအားလုံးဟာ ဆူးသွေးခက်ဆိုတဲ့ အစ်မကြောင့်..။

ဆူးတွယ်ရစ်တဲ့ ချစ်တေးငှက်ငယ်Where stories live. Discover now