ပဲခူးရိုးမ တောတွင်းတနေရာ၊သစ်ရပ်ဝါးရိပ်များအပြည့်လွှမ်းခြံထားလေပြီး ခြုံနွယ်များ အလေ့ကျပေါက်ပင်များနဲ့ အုံ့ဆိုင်း၍နေပြောက်ထိုး၍မြေမခနိုင်အောင်ကို ပိန်းပိတ်သိပ်သည်း၍နေကာ အအေးဒဏ်ကလည်း လွန်စွာ ပိုလွန်းနေခဲ့သည်။
တတောလုံးလည်း ကျေးငှက်သာရကာလေးများ၏ အော်မြည်သံများ တောရိုင်းတိရိစ္ဆာန်များ၏ ဟိန်းဟောက်သံများဖြင့် ဆူညံ၍ နေသလို တောင်ပေါ်က အရှိနိပြင်းပြင်း ထိုးကျစီးဆင်းလာသော ရေတံခွန်သံကလည်း မပြတ် ပဲ့တင်ထပ်လျက်ရှိလေ၏။
မြေပြင်ထက်မှာလည်း သစ်ပင်များ ဝါးပင်များဆီမှ ကြွေကျလာခဲ့သော သစ်ရွက်ခြောက် ဝါးရွက်ခြောက်များကလည်း အပြည့်ဖုံးလွှမ်းလျက်ရှိပြီး တောရိုင်းတိရိစ္ဆာန်ငယ်လေးများက ထိုသစ်ရွက်ခြောက်များပေါ်နင်းကာ ဟိုမှ ဒီမှ ဖြတ်ပြေးသွားလာနေလေသည်။
ထိုစဉ်။ ခပ်လှမ်းလှမ်းဆီမှ သစ်ရွက်ခြောက်များပေါ် တဖြောက်ဖြောက်နင်း၍ လာနေတဲ့ ခြေသံများ ထွက်ပေါ်၍လာသည်။ထိုခြေသံတွေက တောရိုင်းတိရိစ္ဆာန်လေးများ ဖြတ်ပြေးသွားလာ၍ မြည်နေသံများတော့ မဟုတ်ပေ၊လူ လေးဦး လျှောက်၍လာလေတဲ့ ခြေသံများပဲ ဖြစ်လေသည်။
ထိုလူလေးဦးက လွန်ခဲ့တဲ့ လေးလခန့်ကမှ သစ်တောဦးစီးဌာနမှ ခန့်အပ်ထားလေသော သစ်တောအုပ်ဖြစ်သည့် နေမင်းရှိန်နဲ့ သူ့တပည့် သုံးဦးပင်။
သူတို့လေးဦီးက သစ်ရွက်ခြောက် ဝါးရွက်ခြောက်များပေါ်က နင်း၍ တောတွင်းထဲ ဝင်ရောက်လာခြင်းမို့ တဖြောက်ဖြောက်အသံများက ဤကဲ့သို့ဆူညံနေလေ၏။
ဖြောက်..ဖြောက်.ဖြောက်
အောင်မောင်း ငါတို့ ဒီတောလမ်းကဖြတ်ထွက်ပြီး တောင်အောက်ဆင်းသွားရင် မင်းပြောတဲ့ ကားလမ်းပေါက်တဲ့နေရာကို ရောက်မယ် မဟုတ်လား.."
တပည့်သုံးဦးထဲက ဗလကောင်းကောင်း အသားညိုညိုနဲ့ အောင်မောင်းက တောအုပ်နေမင်းရှိန်ကို ခေါင်းညိတ်ပြလေကာ...။
ဟုတ်တယ်ဆရာ…ကျွန်တော်တို့ တောင်အောက်ကိုဆင်းသွားနိုင်ရင် ကားလမ်းကိုရောက်ပြီ.."