အပိုင်း ၈၀ / အပိုင္း ၈၀

2.5K 257 5
                                    

Unicode

"ညီမ သိပ်ယဉ်ကျေးဖို့ မလိုပါဘူး။ တို့ထက် အသက်နည်းနည်း ငယ်တယ်လို့ ယွမ်ယောင် ပြောပြဖူးတယ်။ ညီမလို့ ခေါ်လို့ရမလား"

စုချင်လည်း ဝမ်းသာသွားသည်။

"ဒီအရပ်သားရဲ့‌ အဆင့်အတန်းက နိမ့်ကျလွန်းပါတယ်။ ဘယ်လိုလုပ် ညီမလို့ အခေါ်ခံဝံ့ပါ့မလဲရှင်"

အမျိုးသမီးကျင်းက စုချင်လက်ကို ဆွဲကိုင်ရင်း

"ယွမ်ယောင်က သူ‌ကြွယ်မလေး ဖြစ်နေပါပြီနော်။ တို့တောင် သူအဝတ်များများ ချုပ်ပေးလာအောင် အသည်းအသန် စောင့်နေရတာ။ မင်းကိုသာ ညီမလို့ခေါ်ရရင် တို့အတွက်လည်း အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းနိုင်တာပေါ့"

အမျိုးသမီးကျင်းက ဆက်ဆံရေးကောင်းမွန်သူမို့ စကား တစ်ခွန်းနှစ်ခွန်းနဲ့ စုချင်ရဲ့ ကြောက်ရွံ့မှုတွေကို လျော့‌ပါးသွားစေသည်။

မုယွမ်​ယောင် ရင်ထဲ နွေးထွေးသွား၏။ အမျိုးသမီးကျင်းကိုလည်း ကျေးဇူးတင်မိသည်။ ဒီဆိုင်ဖွင့်တဲ့အခါ သူမ စိုးရိမ်နေမိတဲ့ တစ်ခုတည်းသောအရာက မရေတွက်နိုင်သော အထက်တန်းလွှာ အမျိုးသမီးတွေကြားထဲ အမေ နှိမ့်ချခံရမှာကိုပင်။ သို့ပေမယ့် အခုလို အမျိုးသမီးကျင်းက 'ညီမ'လို့ခေါ်လိုက်တော့  ကျင်းလင်မြို့မှာ စုချင်ကို ရိုင်းပြရဲတဲ့သူ ရှိမှာ မဟုတ်တော့ဘူး။
နီယွင်ဆိုင်ထဲ ဝင်ဝင်ချင်း အမျိုးသမီးကျင်းတစ်ယောက် အံ့ဩမှင်သက် သွားရသည်။ ဒီနေရာက သူမစားသောက်ဆိုင် ဖြစ်ခဲ့တယ်ဆိုတာ တွေးကြည့်လို့ကို မရဘူး။

ခန်းမကြီးထဲမှာ ကောင်တာအပြင် ထိုင်ခုံတွေနှင့် စားပွဲနှစ်ဝိုင်းပဲ ရှိသည်။ အဆင့်မြင့် သစ်သားကို သုံးထားတဲ့ စားပွဲက သန့်စင်ချောမွေ့နေပြီး စားပွဲပေါ်က ဒီဇိုင်းကလည်း အနုစိတ်လှပြီး သေသပ်လှပလွန်းသည်။ အမျိုးသမီးကျင်းက ဒီလိုဒီဇိုင်းမျိုး မတွေ့ဖူးတာမို့ မုယွမ်​ယောင် ကိုယ်တိုင် ဒီဇိုင်းဆွဲထားမှန်း အတပ် သိလိုက်သည်။

ကြမ်းပြင်ပေါ်က ကော်ဇောက အဝါနုရောင်လေးဖြစ်ပြီး တိမ်ပုံစံဒီဇိုင်း ဖြစ်သည်။ လေးဘက်လေးတံက နံရံတွေပေါ်မှာတော့ အဖြူရောင် ပိုးခြည်အဆင်တန်ဆာတွေ ကပ်ထားသည်။ ခြုံငုံပြောရရင် တစ်ချက် ကြည့်လိုက်ရုံနဲ့ ခန်းမကြီးတစ်ခုလုံးက ဘယ်ဖုန်မှ မကပ်ညှိနိုင်သလို သန့်ရှင်း သပ်ရပ်နေသည်။

တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)Where stories live. Discover now