《Unicode》ဒီဇင်ဘာလသို့ စတင်ဝင်ရောက်လာသည်နှင့် ယူနီဗာစီတီနယ်မြေထဲ၌လည်း အားကစားပွဲများ အလျှိုလျှိုပေါ်ပေါက်လာကြတော့၏။ အထူးသဖြင့် ဘောလုံးပြိုင်ပွဲများပင်။ ရန်ကုန်တက္ကသိုလ်မှာ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်မို့ အားကစားအဆင့်အတန်းသည်လည်း အထိုက်အလျောက် မြင့်မားတည်ရှိရာ ဘောလုံးအားကစားသည် တက္ကသိုလ်အားကစားအဆင့်အတန်း၏မျက်နှာစာဟုပင် ဆိုရမည်။
မြန်မာနိုင်ငံတွင် ၁၉၀၀ပြည့်နှစ်မှစတင်ကာ BAA ( Burma Athletics Association )မှ ကြီးမှူးကာ အမှတ်ပေးဘောလုံးပြိုင်ပွဲများ စတင်ကျင်းပလာခဲ့၏။ ပထမဆုံးအကြိမ်ကျင်းပသော ပြိုင်ပွဲ၌ စိန်ဂျွန်းကောလိပ်မှ ပထမဆုရရှိခဲ့သည်။ ထိုအချိန်က ပြုလုပ်ခဲ့သောဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်သည့်အသင်းအဖွဲ့အများစုမှာ ဗြိတိသျှဩဇာခံအသင်းများသာဖြစ်ပြီး ရန်ကုန်မြို့စောင့်တပ်၊ ပထမဘုရင်ရီဂျီမင့်၊ ပထမဒီဂျွန်ဂျီရီဂျီမင့်၊ ပထမရွိုင်ရယ်စကော့ ဗြူဇီလာ၊ နယ်ခြားစောင့်တပ်၊ ပထမမန်ချက်စတာ ဗြူဇီလာ စသဖြင့် အင်္ဂလိပ်စစ်တပ်အသင်းများသာ ရှိ၏။
ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်း၏ပထမဆုံးအောင်ပွဲမှာ ၁၉၁၅တွင် စတင်ခဲ့ပြီး ဆက်တိုက်ဆိုသလို ၁၉၁၆၊ ၁၉၁၇တို့တွင် သုံးနှစ်ဆက်တိုက် BAAပထမတန်းချန်ပီယံဖြစ်ခဲ့သည်။ သည့်ပြင် တစ်နှစ်သာခြားပြီး ၁၉၁၉နှင့် ၂၀၌လည်း ထပ်ဆင့်ချန်ပီယံဖြစ်ခဲ့သေး၏။ ထို့နောက်၁၂နှစ်တိတိ ချန်ပီယံဆုနှင့်လွဲခဲ့ရပြီး ၁၉၃၂တွင် အောင်မြင်မှုတဖန်ပြန်ရလာကာ နောက်နှစ်များတွင် မြန်မာနိုင်ငံတက္ကသိုလ်ပေါင်းစုံမှ လက်ရွေးစင်ကျောင်းသားအားကစားသမားများ အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ထိုအကြောင်းအရာတို့မှာ ကောလိပ်ကျောင်းသားများနှင့် မစိမ်းချေ။ ဘောလုံးအားကစားသည် ဗမာတစ်နိုင်ငံတည်းသာမက တစ်ကမ္ဘာလုံးမှသဘောကျနှစ်သက်ကြသော အားကစားမျိုးပင် ဖြစ်သည့်ပြင် တက္ကသိုလ်ဘောလုံးသင်းမှာလည်း ဩဇာသက်ရောက်မှုကြီးလေသည်။ ဘောလုံးအားကစား၌ ကျွမ်းကျင်သော ကောလိပ်ဂျီယံ*များကိုလည်း ပြည်သူလူထုကပါ အသည်းစွဲချစ်ခင်အားပေးကြသေး၏။ 'ကောလိပ်ချ်အယ်ဗင်း'အသင်းခေါ် ကောလိပ်၁၁ယောက် ဘောလုံးအသင်းမှာ ဗမာတစ်ပြည်လုံးအနှံ့ပင်ကျော်ကြားသည်လေ။
YOU ARE READING
"Be me with you" (ရပ်နား)
Romance"ငါ မင်းနဲ့.. အတူတူနေပြီး အတူတူသေချင်တယ်။ ရယ်ခြင်း၊ ငိုခြင်းတွေကိုလည်း မင်းနဲ့ပဲမျှဝေချင်တယ်။ ဘယ်လောက်ဝေးမယ်မသိနိုင်တဲ့ သံသရာခရီးလမ်းကိုလည်း မင်းနဲ့ပဲ ငါအတူလျှောက်ချင်တယ်။ ငါ သိပ်များလောဘကြီးသွားသလားဟင်။ ပြုံးချို.." °°° "ငါ မင်းနဲ့...