《Unicode》
မနက်၄နာရီမှစကာ အခြေအနေက ပိုတင်းမာလာသည်။ အကြောင်းမှာ ပုလိပ်အဖွဲ့သည် အရပ်လူကြီးတချို့နှင့်အတူ ရောက်လာကာ သပိတ်တပ်အတွင်းသို့ လက်နက်ရှာဝရမ်းထုတ်ကြပြီး သပိတ်တပ်သားများကိုယ်၌ ရှာဖွေကြ၏။ သို့ရာတွင် မနက်ညက ကြိုတင်ပြင်ဆင်ခဲ့ကြသဖြင့် လက်နက်မဆိုထားနှင့် အပ်တိုတစ်ချောင်းပင် ရှာမတွေ့သွား။ သို့သော် လူနာမည်စာရင်းတစ်ခုကိုတွေ့၍ ဖမ်းဖြစ်အောင် ဖမ်းသွားသေးသည်။သို့ရာတွင် ညကတည်းက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သောသပိတ်တပ်ကြီးမှာ မနက်၆နာရီခွဲသည်နှင့် စချီတက်စဥ်ကအတိုင်း စည်းကမ်းတကျ နှစ်ယောက်တစ်တွဲစီကာ မဲထီးကျောင်းတိုက်မှထွက်ဖို့ပြင်ကြ၏။ သို့ပေသိ ကျောင်းဝတံခါးပေါက်၌ ပုလိပ်တပ်နှင့်မြင်းတပ်များ စောင့်ကြည့်နေကြသဖြင့် အနောက်ဘက်လမ်းကျဥ်းလေးမှ ထွက်ရာတွင်လည်း စစ်ပုလိပ်များက လာရောက်တားဆီးကြသည်။ ထိုစဥ်အပေါက်ဝတွင် စောင့်ကြပ်နေကြသောပုလိပ်များအပြင် ရာဇဝတ်ဝန်၊ စစ်ဗိုလ်နှင့် မြို့အုပ်တို့ပင် ပါဝင်နေကြပြီး မြို့အုပ်က သပိတ်တပ်သားများကို လေပြေလေးဖြင့် တားဆီးရန်ပြင်၏။
နောက်ပြန်ဆုတ်ပေးရန်၊ ရန်ကုန်မသွားကြရန်နှင့် သပိတ်တပ်သားများ၏ကိစ္စအရပ်ရပ်ကို အထက်သို့တင်ပြပေးမည်မို့ ကိုယ်စားလှယ်များသာ လွှတ်၍ တောင်းပါရန် အစရှိသဖြင့် ပြောဆိုတားဆီးပါသော်ငြား သပိတ်တပ်သားများမှာ မလျော့မပေး။ သည်လို ချီတက်မလာခင်ကတည်းက ၁၁လတိုင်တိုင် ကိုယ်စားလှယ်လွှတ်ဖူးသည့်တိုင် အကြောင်းမထူးခဲ့ချေ။ သည့်ပြင် ရေနံကုမ္ပဏီဘီအိုစီမှ အလုပ်သမားများကို တန်းလျားများမှနှင်ထုတ်ထားသည်မို့ နေစရာလည်း မရှိတော့ပေ။ သပိတ်တပ်သားတို့မှာ ဘုရင့်နောင်ဖောင်ဖျက်သလို လှည့်ပြန်စရာလမ်းမရှိတော့။ ပြန်ရင်လည်းသေမည့်အတူတူ လမ်းမှာသေချင်သေပါစေတော့ဟု ဆုံးဖြတ်ပြီးချေပြီ။
ထိုသို့အချေအတင်ဖြစ်နေချိန်၌ လူမျိုးခြားဖြစ်သူ ရာဇဝတ်ဝန်နှင့်စစ်ဗိုလ်တို့က ဖိနပ်စီး၍ ဘုန်းကြီးကျောင်းဝိုင်းတွင်းသို့ဝင်လာရာ ရဟန်းပျိုအဖွဲ့က ကန့်ကွက်ကြ၏။ ပိုဆိုးသည်က ရှေ့ဆုံးမှအလံကိုင်ရသူနှင့် အခြားလူသုံးယောက်ကိုဖမ်းဆီးထားစဥ် ပုလိပ်သားတစ်ယောက်က အလုပ်သမားအလံကို လိပ်ကာ အလံတိုင်ထိပ်တွင် ဖိနပ်ဟောင်းတစ်ဖက်စွပ်ပြီး ထောင်ထားလေရာ သပိတ်တပ်သားတို့မှာ မခံမရပ်နိုင်ဖြစ်ရသည်။ ဤသည်မှာ ဗမာတစ်နိုင်ငံလုံးရှိ အလုပ်သမားများကိုကိုယ်စားပြုသော အလုပ်သမားအလံအား နယ်ချဲ့မျက်နှာဖြူတို့၏အစေခံသာသာလူက စော်ကားခြင်းဖြစ်သည်မို့ ဘယ်သူမှသည်းမခံနိုင်တော့။
YOU ARE READING
"Be me with you" (ရပ်နား)
Romance"ငါ မင်းနဲ့.. အတူတူနေပြီး အတူတူသေချင်တယ်။ ရယ်ခြင်း၊ ငိုခြင်းတွေကိုလည်း မင်းနဲ့ပဲမျှဝေချင်တယ်။ ဘယ်လောက်ဝေးမယ်မသိနိုင်တဲ့ သံသရာခရီးလမ်းကိုလည်း မင်းနဲ့ပဲ ငါအတူလျှောက်ချင်တယ်။ ငါ သိပ်များလောဘကြီးသွားသလားဟင်။ ပြုံးချို.." °°° "ငါ မင်းနဲ့...