《Unicode》
ရက်ပိုင်းခန့်အတွင်းမှာတင် အရေးတော်ပုံဒီရေက တဖြည်းဖြည်း တိုးလာသည်။ လူတန်းစားပေါင်းစုံပါဝင်လာကြ၏။ မြို့များမှစကာ နယ်အနှံ့သို့ ပျံ့နှံ့လာကြသည်။ အင်္ဂလိပ်အစိုးရသည်လည်း အနည်းငယ်သောလိုက်လျောမှုတို့ကို ပြသလာရ၏။ မန္တလေးတွင် ပုဒ်မ ၂၃ (၇)ကို ဖျက်သိမ်းပေးလိုက်သဖြင့် ရဟန်းရှင်လူတို့ ဈေးချိုသို့လှည့်လည်ကာ အောင်ပွဲခံကြသည်။ ဖမ်းဆီးသွားသောကျောင်းသားအချို့ကိုလည်း ပြန်လွှတ်ပေးရ၏။ လူထုက ဝိုင်းဆူကြသဖြင့် ဖမ်းထားသူကိုချက်ချင်းပြန်လွှတ်ပေးရခြင်းမျိုးလည်း ရှိလာသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည်လည်း ၁၅ရက်နေ့ကအာဏာဖီဆန်ရေးလှုပ်ရှားမှုအောင်မြင်သဖြင့် သမဂ္ဂအစည်းအဝေးခန်း၌ အောင်ပွဲခံအစည်းအဝေးပွဲကြီး ကျင်းပခဲ့သေး၏။ ထိုအစည်းအဝေးတွင် ကိုလှရွှေ၊ တက်ဘုန်းကြီးကိုသိန်းဖေနှင့် ကိုကြီးနုဟုခေါ်သော သခင်နုတို့ ဟောပြောကြလေသည်။ ထိုအစည်းအဝေးအဆုံး၌ ကိုလှရွှေက အင်္ဂလိပ်အစိုးရအား ရာဇသံပေး၏။ ထိုရာဇသံမှာ အင်္ဂလိပ်အစိုးရအနေဖြင့် ကျောင်းသားတို့၏တောင်းဆိုချက်များကို ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ၄နာရီနောက်ဆုံးထား လိုက်လျောရန်နှင့် မလိုက်လျောပါက ၁၅ရက်နေ့က အာဏာဖီဆန်မှုမျိုးထက် ပိုမိုပြင်းထန်သောအာဏာဖီဆန်ခြင်းမျိုးကို ပြုလုပ်မည်ဆိုသည့် ကြေညာချက်ပင်။
ယင်းကြေညာချက်ပါ ပိုမိုပြင်းထန်သောအာဏာဖီဆန်ခြင်းမျိုးမှာ အင်္ဂလိပ်အစိုးရတင်မက တစ်နိုင်ငံလုံးအပါအဝင် ပြုံးချိုတို့လို သာမန်ကျောင်းသားများပင် သိခွင့်မရခဲ့သည့် အာဏာဖီဆန်ခြင်းမျိုးပင်။ သို့ပေသိ သမဂ္ဂထိပ်ပိုင်းခေါင်းဆောင်များ၊ အပြင်လူတချို့တို့နှင့်အတူ မောင်ကတော့ သိခဲ့ရသည်။ ထိုအာဏာဖီဆန်ခြင်းမှာ အခြားမဟုတ်။ ကျောင်းသားများအနေဖြင့် အတွင်းဝန်ကြီးများရုံးကို ဝိုင်းထားကာ အင်္ဂလိပ်အစိုးရအား အာဏာဖီဆန်ရန်ပင်ဖြစ်၏။ ပြုံးချိုကား ထိုကိစ္စကို မပြုလုပ်ခင်တစ်ညနေအလိုမှသာ သိခဲ့ရခြင်းဖြစ်၏။
YOU ARE READING
"Be me with you" (ရပ်နား)
Romance"ငါ မင်းနဲ့.. အတူတူနေပြီး အတူတူသေချင်တယ်။ ရယ်ခြင်း၊ ငိုခြင်းတွေကိုလည်း မင်းနဲ့ပဲမျှဝေချင်တယ်။ ဘယ်လောက်ဝေးမယ်မသိနိုင်တဲ့ သံသရာခရီးလမ်းကိုလည်း မင်းနဲ့ပဲ ငါအတူလျှောက်ချင်တယ်။ ငါ သိပ်များလောဘကြီးသွားသလားဟင်။ ပြုံးချို.." °°° "ငါ မင်းနဲ့...