《Unicode》အင်းလျားဆောင်း၏ဧည့်တွေ့ခန်း၌ ဖြစ်သည်။ ပြုံးချို၊ သိန်းဆောင်နှင့် လေးနွယ်တို့သုံးယောက်သားအခန်းထောင့်တစ်နေရာတွင် ခေါင်းချင်းဆိုင်နေကြသည်။ အတိအကျဆိုရလျှင် ပြုံးချိုနှင့် သိန်းဆောင်နှစ်ယောက်သားမှာ မျက်နှာငယ်ကလေးများနှင့် လေးနွယ်၏မကျေနပ်ချက်များကို နားထောင်နေရခြင်း။
"ပြုံးချိုတို့ လုပ်ပုံကောင်းသလား။ မန္တလေးသွားမယ့်ကိစ္စ နွယ့်ကိုဖုံးထားတယ်ပေါ့လေ"
သုံးယောက်သားထဲရှိ အသက်အငယ်ဆုံးနွယ်က အခုတော့ အစ်မကြီးနေရာရောက်နေသလိုပင်။ မန္တလေးသွားကြမည့်ကိစ္စအား သူ့ကိုပေးမသိခဲ့ခြင်းက စိတ်ဆိုးလည်း ဆိုးချင်စရာ။ မြောက်ကြွကြွဖြစ်နေသည့်သိန်းဆောင်ကိုသာ သတိမထားမိခဲ့ပါလျှင် ဒင်းတို့မန္တလေးသွားပြီး ပြန်လာရင်တောင် သူသိလိုက်ရမည်မထင်။
ပြုံးချိုကား နှုတ်မလုံသည့်သိန်းဆောင်ကိုသာ တိတ်တိတ်ကြိတ်ဆဲလိုက်သည့်တိုင် နွယ့်ကိုတော့ မျက်နှာငယ်လေးနဲ့ကြည့်နေဆဲ။ ဘာပြန်ဖြေရမည်မသိသောပြုံးချိုထက်စာရင် သိန်းဆောင်က နှုတ်ပိုသွက်သည်။
"ဖုံးထားတာ မဟုတ်ပါဘူးဆို နွယ်ကလည်း..။ တို့တတွေတောင် မနေ့ကမှသိတာ။ နို့… သွားချင်လို့သွားရတာလည်း မဟုတ်ပါဘူး"
တကယ့်တကယ်မှာတော့ သိန်းဆောင်တို့ ထိုကိစ္စအားသိရှိရသည်မှာ ရက်အနည်းငယ်တော့ကြာခဲ့ပြီ။ နက်ဖြန်ဆိုရင်ပဲ မန္တလေးသွားရတော့မည်မလား။ ပြုံးချိုမှာ မျက်တောင်မခတ်လိမ်နေသောသိန်းဆောင်အား လှမ်းကြည့်လိုက်သော်ငြား အမှန်ကိုတော့ထုတ်ပြောမလာခဲ့။
"ဟုတ်တယ်နွယ့်ရဲ့။ ငါတို့ မန္တလေးကိုတစ်ညအိပ်တစ်ရက်ပဲသွားရမှာ။ အဲဒါကလည်း အငြိမ်ငှားရမှာမို့"
"ဟုတ်ပ..။ ပြောလိုက်စမ်းပါ။ တို့ကို လျှောက်လည်မယ်များ ထင်နေသလားမသိဘူး"
ဝင်ပြောလာသည့်သိန်းဆောင်အား ပြုံးချို စိတ်ထဲကလှောင်လိုက်၏။ မနက်ကတင် မန္တလေးရောက်ရင် ဘယ်ဝင်မည်၊ ဘယ်သွားမည် စသည်ဖြင့် ထိုင်ပြောနေခဲ့သည်မလား။ လေးနွယ်သည်လည်း သိန်းဆောင်အကျင့်ကို သိပြီးသားမို့ နှုတ်ခမ်းကလေးအား ခပ်ဖွဖွဆူလိုက်ကာ..
YOU ARE READING
"Be me with you" (ရပ်နား)
Romance"ငါ မင်းနဲ့.. အတူတူနေပြီး အတူတူသေချင်တယ်။ ရယ်ခြင်း၊ ငိုခြင်းတွေကိုလည်း မင်းနဲ့ပဲမျှဝေချင်တယ်။ ဘယ်လောက်ဝေးမယ်မသိနိုင်တဲ့ သံသရာခရီးလမ်းကိုလည်း မင်းနဲ့ပဲ ငါအတူလျှောက်ချင်တယ်။ ငါ သိပ်များလောဘကြီးသွားသလားဟင်။ ပြုံးချို.." °°° "ငါ မင်းနဲ့...