Chapter -12

458 46 29
                                    

Unicode

Chapter - 12

တောက် တောက် တောက် တောက်.....

Cutting board ပေါ် တတောက်တောက်မြည်အောင် ကြက်သွန်နီတွေ လှီးနေတဲ့ လက်ကို မမှိတ်မသုန်ငေးစိုက်ကြည့်နေရင်း အရွက်ဆေးတဲ့ထဲ စိတ်က မပါတော့ပါဘူး။ မနက်ဖြန် ဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့မှာမို့ ဒီည သူ့အိမ်မှာ တူဝရီးနှစ်ယောက် ညလာအိပ်ရင်း ဝိုင်းကူကြရတာပါ။ ပြောရရင် မင်္ဂလာမဆောင်ခင် အလှူသဘောလေးလုပ်တာပဲပေါ့။ အားလုံးက Romsaithong က ကောင်လေးရဲ့ လက်ထပ်ပွဲဆိုပြီး အာရုံစိုက်နေကြပေမဲ့ လူကြီးတွေရော သူရောကိုယ်ရောရဲ့ သဘောကတော့ အေးဆေးတဲ့ လက်ထပ်ပွဲမျိုးပဲ ဖြစ်စေချင်ကြတာမို့ မနက်ဖြန်အလှူကိုတောင် ဘယ်သူ့ကိုမှ ဖိတ်ဖို့ မတွေးထားပါဘူး။

"ဟာ ကိုကို ရေတွေလျှံနေပြီ ဘာတွေငေးနေတာတုန်း ပိတ်လေ"

ဇလုံထဲ အသီးအရွက်တွေထည့် ရေထည့်ပြီးဆေးဖို့ လုပ်နေရင်းနဲ့ သူ့လက်ကိုပဲ တမေ့တမောငေး တွေးချင်ရာတွေးနေမိတာ သူပြောမှပဲ သတိထားမိပါတော့တယ်။ Tap ကို အသည်းအသန်ပိတ်ပြီး ချောင်းဟန့်ရင်း ဟင်းသီးဟင်းရွက်တွေ စင်အောင်ဆေးနေတုန်း ကိုယ်ထင်တာက တကယ်ဖြစ်လာပါပြီ။

"အ.....ရှပြီ"

ပထမဆုံး ညစာချက်ကျွေးတုန်းက သူခုလိုပဲလက်ကို ဓားရှခဲ့ဖူးတယ်လေ။ အခုလည်း လက်မှာ သွေးတွေရဲနေပြီ။ ဟိုအရင်ကလိုပဲ သူ့လက်ဆွဲယူလို့ သွေးတိတ်အောင်လုပ်ပေးချင်ပေမဲ့ ထပ်ပြီး လိုတာထက်ပို မကျွံဝင်ချင်တဲ့ စိတ်အခံမာနဟာ လူကို ကျောက်ရုပ်လိုပဲ တောင့်တင်းနေစေသည်။ ဒါပေမဲ့ အခုက သူ့အိမ်မှာဆိုတော့ လစ်လျူရှုထားလို့ မဖြစ်သေးဘူးပဲ။ဘေစင်ထဲက ဇလုံကိုဖယ် သူ့လက်ဆတ်ခနဲဆွဲယူရင်း ရေနဲ့ဆေးပေးနေတော့ မျက်လုံးအဝိုင်းသားနဲ့ ကြောင်စီစီလေး ကြည့်နေတယ်လေ။

"ဟယ် သား ဘာဖြစ်တာလဲ"

"လက်ကို ဓားထိတာ မားရေ စိတ်မပူပါနဲ့ သား ဆေးထည့်ပေးလိုက်မယ်"

သူ့လက်ဆွဲပြီး သူ့အခန်းထဲထိခေါ်လာတာတောင် အံ့ဩနေတဲ့ မျက်လုံးအကြည့်က ကျွန်တော့်ဆီကနေ မလွှဲသေးဘူး။ ဘာလဲကျွန်တော်က သူ့ကို တကယ်စိုးရိမ်နေတာမှ မဟုတ်တာကို ဒီကောင်ဘာလို့ အဲ့လောက်ကြည့်နေတာလဲ။

KosWhere stories live. Discover now