Unicode
Chapter -14
ရှုပ်ထွေးနေတဲ့စိတ်တွေက စက္ကန့်မိနစ်ဘယ်လောက်စာကို တိုက်စားသွားသလဲ ကျွန်တော်မသိဘူး။ ဘာလို့ ကိုယ့်ကို ထိခိုက်စေတဲ့ လူနဲ့အရာတွေက သူနဲ့ပတ်သတ်နေရတာလဲလို့ တွေးမိရင်း ဒေါသက ထိန်းမရချင်ဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့ သူ့ဘဝထဲကို ဒီကောင်က ဝင်လာတာလဲလို့ တွေးမိတော့ စိတ်ကပိုပူရပြီ။ မဖြစ်သေးဘူး Mile အရာရာကို negative ဘက်ကနေတွေးပြီး စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်လို့မရဘူး။ ဒါ မင်းရဲ့ပုံစံ အစစ်အမှန်မဟုတ်ဘူး။
ဓာတ်ပြားကြီးလက်ကနေ တင်းတင်းဆုပ်ရင်း အပြုံးတုတစ်ခုဖန်ဆင်းလို့ ဆရာဝန်နဲ့ စကားပြောနေတဲ့ကောင်လေးဆီ တည်ငြိမ်သောစိတ်ထားနဲ့ ပြန်သွားလိုက်သည်။ ဘာကြောင့် ချဉ်းကပ်လာသလဲသိရဖို့က ငါးစာလောက်တော့ ချကျွေးထားမှ ဖြစ်မှာပေါ့။ မျက်တောင်မွှေးတဆုံးစာလောက်ပဲ ကြည့်နေရင် အရာအားလုံးဆုံးရှုံးရမှာက ကိုယ်ပဲဖြစ်နေလိမ့်မယ်။ တခါတရံမှာ ရန်သူကို သူ့ကိုယ်သူ အထင်ကြီးခွင့်ပြုပေးခြင်းကလည်း အပြောင်မြောက်ဆုံး ဗျူဟာတရပ်ပဲလေ။
အခန်းထဲပြန်ရောက်တော့ သူက ဆရာနဲ့ စကားပြောကောင်းနေတုန်းပဲရှိပါသေးတယ်။ သူ့ဘေးနား ဟန်မပျက်ဝင်ထိုင်တော့ လက်ထဲက ဓာတ်ပြားကို ကြည့်ပြီး မေးတော့သည်။
"ကိုကို သူ့ကို မမီလိုက်ဘူးလား"
"မမီလိုက်ဘူး Poရယ် ဘယ်ပျောက်သွားမှန်းကိုမသိတာ ကိုယ်လည်း မီလိုမီငြား အပြေးတပိုင်း သွားတာပဲ"
"ရပါတယ် နောက်ကြုံတဲ့ရက်မှပဲ ပေးလိုက်တော့မယ်"
"ဒါနဲ့ ဆရာ သူ့နှလုံးအခြေအနေက စိတ်ချရရဲ့လားဟင် တခုခုပြန်စစ်ဆေးဖို့ရော လိုသေးလား ကျွန်တော့်အတွက် အရမ်းအဖိုးတန်တဲ့အရာမို့လို့ပါ ဒီနှလုံးကြောင့်သာ သူ အသက်ရှင်နေရတာလေ"
နောက်ဆုံးစကားလုံးတွေကို သူ့မျက်နှာကိုစိုက်ကြည့်ရင်း ဖိပြောလိုက်တော့ ညှိုးသွားတဲ့ မျက်ဝန်းတွေက မှိုင်းလို့။ သေချာပေါက် သူသိထားရမှာပဲလေ ဒီနှလုံးကို ကျွန်တော်က သူ့ထက်ပိုတန်ဖိုးထားတယ်ဆိုတာကိုပေါ့။