Unicode
Chapter-13
ဘုန်းကြီးကျောင်းကအပြန်လမ်းမှာ ကားသာမောင်းနေရပေမဲ့ အတွေးက မျက်ရည်စိုနေတဲ့ မျက်ဝန်းညိုတွေဆီမှာပဲ ဝဲလှည့်နေတုန်း...
မင်း သူ့ကို မုန်းနေတာလေလို့ ကိုယ့်ဘာသာသတိပေးဖို့ မေ့နေတဲ့အထိ စိုးရိမ်တကြီးဖြစ်နေတဲ့ သူ့အမူအရာ သူ့မျက်နှာသွင်ပြင်က ကျွန်တော့်စိတ်ကို ဘယ်မှမသွားနိုင်အောင် ဖမ်းချုပ်ထားတာပါ။ လက်ထပ်ရမဲ့ ရက်နီးလာလေ ခုလို မထင်မှတ်တဲ့ ပြဿနာလေးတွေက ကြားဖြတ်ဝင်လာတာ များနေတာကပဲ သူ့ကို ကျွန်တော်စိတ်မချရခြင်း အကြောင်းတရားတွေပါ။ သူကလည်း မပြန်ခင် ခုနကလေးတင် ပြောလိုက်ပါသေးတယ်။ ပါးနဲ့မားကို ခွင့်တောင်းပြီး ကိုကို့ကို အိမ်မှာခေါ်ထားမယ် လက်မထပ်ခင်ထိတဲ့။ ဘာလို့လဲ မေးတော့ စိတ်မချလို့လေတဲ့။ သူတကယ်ထိတ်လန့်နေတာမြင်ရတော့လည်း ဒီအခြေအနေကိုပဲ သဘောတကျ ဖြစ်မိရတာက အချစ်ခံရ ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်ကြောင့်များလား...
တကယ်ဆို ကျွန်တော့်ဘဝမှာ အခုလတ်တလော အနေနဲ့ ကျွန်တော့်ကို ဂရုတစိုက်ရှိပေးနေတာက သူတစ်ဦးတည်းရယ်ပါ။ ဦးလေးကလည်း သူ့အလုပ်နဲ့သူ ကျွန်တော့်ရပိုင်ခွင့်ကို ထိန်းသိမ်းပေးနေတာနဲ့တင် သူ့ဟာသူတောင် ဂရုစိုက်နိုင်တာမဟုတ်ပါဘူး။ အချစ်မခံရ ဂရုစိုက်မခံရ အထီးကျန်ဘဝနဲ့ ဒီနှစ်တွေမှာ ဖြတ်သန်းနေရပေမဲ့ သူကမှ အဖေနဲ့အမေ သက်ရှိထင်ရှားရှိနေသလို မေတ္တာတွေနဲ့ နွေးထွေးခွင့်ရှိနေပါသေးတယ်။
Baby မရှိတော့တဲ့နောက်ပိုင်း ဝန်မခံချင်ပေမဲ့ ငြင်းမရတဲ့ နွေးထွေးမှုကို အခု သူ့ဆီကရနေတာကိုတော့ ကိုယ့်ဟာကိုယ်ပဲ တိတ်တိတ်ကလေး အသိအမှတ်ပြုမိတာပါ။ ဘယ်လို မုန်းမုန်း ချစ်မှာပဲလို့ အတိုက်အခံလုပ်တာကအစ စိတ်ထဲရောက်ရောက်နေတာ မင်း သိပ်တော်လွန်းပါတယ် Apo ရယ်။
"ငါ့တူ မင်းတို့လည်း လက်ထပ်ရမဲ့ရက်နီးနေပြီနော် ဒီကြားထဲ ကျန်းမာရေးဘာညာလည်း ဂရုစိုက်ကြဦး ခုနကလည်း မကြီးမငယ်နဲ့ နှစ်ယောက်သား ချော်လဲရတယ်လို့"
"စိတ်ချပါ လေးလေးရယ် သားတို့က ကလေးပိစိလေးတွေမှ မဟုတ်တော့တဲ့ဟာကို"