[Unicode]
" ဟာ နားညီးလိုက်တာကွာ... "
ကျောင်းပိတ်ရက်ဖြစ်သည်မို့ တစ်မနက်လုံး အိပ်ရာကမထဘဲ ကွေးဖို့ကြံနေစဉ် ကြားရသောအသံဆူဆူညံညံများကြောင့် မျက်လုံးမဖွင့်ရသေးသော်ငြား ပြောဆိုနေမိသည်။ အိပ်ရာမှထသေးမည်မဟုတ်သော်ငြား အနည်းငယ်မှိန်းချင်သောကြောင့် ခေါင်းကိုစောင်နဲ့အုပ်ထားပါသော်လည်း အသံတို့ကတိုးသွားခြင်းမရှိ။
နဂိုတည်းက စိတ်ကြည်လင်ခြင်းမရှိသည့် အခြေအနေမို့ မီးလောင်ရာလေပင့်နေသလိုပင်။ စိတ်မကြည်ရသည့်အကြောင်းအရင်းမှာလည်း အခြားမဟုတ်။ မနေ့ညနေကျောင်းဆင်းတုန်းက အတန်းထဲမှအမြန်ပြေးထွက်ပြီး ကိုကို့နောက်ကိုလိုက်မည်အပြု မမီတော့ဘဲ ကားနှင့်အရင်ထွက်သွားနှင့်ပြီကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ပြေးလိုက်ချင်သော်လည်း ကားအကောင်းစားကြီး၏အရှိန်ကို စက်ဘီးနှင့်လိုက်လျှင်လည်း လျှာထွက်နိုင်ချေရှိသည်က အထင်အရှား။ ကြိုက်သာကြိုက်မည် လူပင်ပန်းရမည့်အလုပ်ကို မလုပ်နိုင်သောကြောင့် အိမ်ကိုသာတန်းပြန်ခဲ့လိုက်ရသည်။
မထမချင်းပို၍စိတ်နောက်ကျိစွာ ကြားရနိုင်သည့်အသံတွေကြောင့် အိပ်ရာမှထကာ အခန်းပြတင်းပေါက်လိုက်ကာကိုဟရင်း လှမ်းကြည့်လိုက်ရသည်။ အိမ်ကနှစ်ထပ်အိမ်ဖြစ်ကာ အိပ်ခန်းကလည်း အပေါ်ထပ်တွင်ရှိသည်မို့ ဘေးရှိတစ်ထပ်တိုက်အိမ်လေးကို အထင်းသားမြင်နေရသည်။ ပစ္စည်းများသယ်နေသော အလုပ်သမားများကြောင့် အိမ်ပြောင်းလာသည်မှန်း ချက်ချင်းသဘောပေါက်လိုက်သည်။ တော်ရုံနှင့်ပြီးမည်မဟုတ်သည်ကြောင့် ပြန်မအိပ်တော့ဘဲ ထလိုက်တော့မယ်ဟု ကြံရွယ်စဉ် မျက်လုံးအကြည့်က ကုန်တင်ကားတစ်စီး၏နောက်တွင်ရပ်ထားသော ကားကိုမြင်လိုက်ရသည်။
လောလောလတ်လတ်မြင်ဖူးထားသည်ဖြစ်၍ မမှားနိုင်။ ဒါ ကိုကို့ကားဖြစ်နေသည်လေ။ ပို၍သေချာအောင် လိုက်ကာကိုအပေါ်လိပ်တင်ကာ ပြတင်းပေါက်မှန်ပါဖွင့်ရင်း ပြူးပြဲကြည့်တော့ အားကစား၀တ်စုံကို၀တ်ထားကာ ပစ္စည်းကူသယ်ပေးနေသော ကိုကို့ကို မြင်လိုက်ရသည်။ ၀တ်ထားသည့်ပုံစံနဲ့က ဆရာပုံစံဟု နည်းနည်းလေးမှထင်စရာမရှိ။ အမှန်တကယ်ကို တက္ကသိုလ်ကျောင်းသားတစ်ယောက်အတိုင်းပင်။