[Unicode]
" ဆောနူကတော့ ရန်မဖြစ်စဖူးဖြစ်ပြီဟေ့ "
အတန်းမ၀င်ခင် ရုံးခန်းထဲအတွင်း လုပ်စရာရှိသည်တို့ကိုလုပ်ရင်း ဘေးစားပွဲသို့ရောက်လာသော ဆရာတစ်ယောက်၏အသံကြောင့် ဟီဆွန်းလက်တွေ ရပ်တန့်သွားမိသည်။
" ဟယ် ဘယ်လိုဖြစ်တာလဲ "
မေးချင်သည့်မေးခွန်းက ဆရာမတစ်ယောက်က မေးလိုက်၍ အသာဆက်၍ငြိမ်နားထောင်နေလိုက်သည်။ ရင်ထဲက ဗလောင်ဆူနေလျက်။
" အကြီးတန်းတွေနဲ့ ရန်ဖြစ်တာ ဆွဲထိုးလိုက်တယ်ဆိုပဲ "
" ခု ဘယ်မှာလဲ သူ "
အကြောင်းအရင်းကိုသေချာသိချင်နေ၍ မအောင့်အီးနိုင်တော့ဘဲ ဟီဆွန်းထမေးလိုက်တော့သည်။
" သူလည်းဒဏ်ရာရသွားလို့ ဆေးပေးခန်းထဲရောက်နေမယ်ထင်တယ် "
နေရာသိရသည်နှင့် လုပ်လက်စအကုန်ပစ်ချကာ ဆောနူရှိမည့်နေရာသို့ ပြေးမတတ်ပင်အမြန်လိုက်သွားမိတော့သည်။
" အ! နာတယ်ဗျ "
ဆေးပေးခန်းသို့ရောက်သည်နှင့် နှုတ်ခမ်းနားရှိဒဏ်ရာကို ဆေးထည့်ပေးနေသည့် ဂျူမင်ကိုပါမြင်လိုက်ရ၍ မောလာရသည့်အထဲ ရင်ထဲဆို့သွားမတတ်ပင်။
" ခဏသည်းခံပေး၊ ရန်ဖြစ်တုန်းကဖြစ်လာပြီးတော့ "
" ဟျောင်းကလည်း "
လူကိုယ်တိုင်ရောက်နေသည်ကိုပင် မသိကြ။ အချင်းချင်းဆူပုပ်ပြောဆိုနေသည့်မြင်ကွင်းက ဟီဆွန်းအတွက် လုံး၀အဆင်ပြေမနေ။ စိတ်ပူလွန်း၍ အပြေးတစ်ပိုင်းရောက်လာရသည့်သူက အခုချိန်မှာ လူပိုတစ်ယောက်လိုပင်။
" ရပြီ၊ ဟာ ဟီဆွန်း ဘယ်တုန်းကရောက်နေတာ "
မြင်သွားသည့်ဂျူမင့်မေးခွန်းကို မဖြေနိုင်သေး။ ဆောနူကိုကြည့်လိုက်တော့ တစ်ချက်သာပြန်ကြည့်ပြီး မသိချင်ယောင်ဆောင်နေပုံက တစ်ခုခုမှားယွင်းနေသယောင်။
" ဟီဆွန်း လာ ထိုင်ဦးလေ၊ ဆောနူဒဏ်ရာက အရမ်းမများပါဘူး ခုလည်း ဆေးထည့်ပေးထားတယ် "