[Unicode]
" ဟင် ကိုကိုက ကျောင်းမသွားဘူးလား "
မနက်နိုးနိုးချင်း ကုတင်ဘေးရှိထိုင်ခုံတွင်ထိုင်ကာ စာဖတ်နေသည့်ကိုကိုက ဆောနူအသံကြားတော့ ချက်ချင်းလှည့်ကြည့်လာသည်။ စာကြည့်မျက်မှန်တပ်ကာ စာဖတ်နေသည့်ပုံစံက စတွေ့တွေ့ချင်း ကိုကို့ပုံစံအား ရင်ခုန်ခဲ့ရသည့်အဖြစ်ကို ပြန်တွေးမိရင်း ပြုံးလိုက်မိသည်။
" ခွင့်ယူထားဝာာလေ၊ မနေ့တည်းက ကိုယ်ပြောထားသားပဲ "
စာအုပ်ကိုဘေးချကာ ကုတင်ပေါ်သို့တက်လာပြီး နဖူးပေါ်ရှိအ၀တ်စကို လာဖယ်ပေးတော့မှ ကိုယ့်ကိုယ်ကိုယ်သတိထားလိုက်မိသည်။
" အဲ့ဒါ ဘယ်တုန်းကလုပ်ပေးထားဝာာလဲ "
" ညက မင်း ကိုယ်နည်းနည်းပူလာတာနဲ့ လုပ်ပေးထားတာ၊ အိပ်နေလိုက်တာများ လာမ,သွားရင်တောင် သိပါ့မလားပဲ "
ကိုကိုပြောတာကို မကျေနပ်ပေမယ့် ဟုတ်နေတော့လည်း ငြိမ်ခံရဦးမည်။ အိပ်ရင် ဘေးပတ်၀န်းကျင် ဘာဖြစ်နေနေ သိကိုမသိတော့။ သို့သော်လည်း ကိုယ့်လိုလူကို ကိုကိုက အိပ်ရေးပျက်ခံပြီး ဂရုစိုက်ပေးတာသိလိုက်ရတော့ ရင်ထဲခုန်ပေါက်မနေဘူးဆိုလျှင် လိမ်ရာကျမည်။
" မထနဲ့ဦးလေ ထိုင်နေဦး "
မျက်နှာသစ်ရန်ထတော့မည်ဆဲဆဲ အမြန်တားကာ အနားမှထွက်သွားသောကိုကိုကြောင့် ပြန်ငြိမ်နေလိုက်မိသည်။ ခဏအကြာ ရေစို၀တ်တစ်ခုကိုယူကာ ပြန်ထွက်လာသော ကိုကိုက ပြန်၀င်ထိုင်ပြီး မျက်နှာကို ခပ်ဖွဖွသုတ်ပေးလာသည်။
" ရေချိုးခန်းထဲသွားသစ်ရင် ထပ်အအေးပတ်မှာစိုးလို့ "
နားမလည်သည်ကိုကြိုသိနေသည့်အလား ရှင်းပြနေသည့်ကိုကို့ကြောင့် ပြုံးရပြန်တော့သည်။ မျက်နှာသစ်ပြီးတော့လည်း သွားတိုက်ဆေးထည့်ထားသည့် သွားတိုက်သံပါထပ်ယူလာပြီး ဇလုံအလွတ်တစ်ခုထဲ ထွေးချစေပြန်သည်။ ဘာစကားမှအပိုအလိုမပြောဘဲ တည်ကြည်စွာလုပ်ဆောင်ပေးနေသော ကိုကို့ကြောင့် ကျယ်လာလွန်းသည့်ရင်ခုန်သံတို့ကို ကြားမှာပင်စိုးရိမ်ရသည်။