[Unicode]
" မကောင်းတဲ့လူကြီး လူကိုမညှာမတာနဲ့၊ လမ်းလျှောက်လို့ရပါဦးမလားတောင် မသိ "
ငိုသံရော ပွစိပွစိအသံတို့ပါ ရောနှောနေတဲ့ စောစောစီးစီး မနက်ခင်း။ ကိုယ်တိုင်ရဲ့အမှားပေမို့ ဘာမှပြန်မပြောနိုင်ဘဲ ဆေးလိမ်းထားသော ခြေထောက်နုနုလေးကို ပတ်တီးဖြင့်သာ အသာစည်းပေးနေရသည်။
ဖြစ်ပုံက မနက်နိုးတော့ အမြဲတမ်းတစ်ယောက်တည်းသာအိပ်လေ့ရှိသည်မို့ ရင်ခွင်ထဲတွင်နီးကပ်စွာရောက်နေသော ပေါက်စနကို ရုတ်တရက်လန့်ဖြန့်ပြီးတွန်းလိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ ကုတင်အောက်ပြုတ်ကျကာ ခြေထောက်ခေါက်သွားခြင်းဖြစ်သည်။ ကျကျချင်း လန့်သွားတာရော၊ ခြေထောက်နာသွားတာရောနှင့် တော်ရုံနှင့် အငိုမတိတ်သောကြောင့် သနားသွားရသည်။
ယခုလည်း ဆေးလိမ်းပေးနေရင်း မကြည်သေးပုံရသည့် ဆောနူကြောင့် ဟီဆွန်းရယ်ချင်သည်ကို မနည်းထိန်းထားရသည်။ ဆောနူကို ကုတင်ပေါ်တွင် ထိုင်ခိုင်းထားပြီး ကိုယ်တိုင်ကအောက်တွင်ထိုင်ကာ လိမ်းပေးနေရသောကြောင့် ငြိမ်ကျနေသည့်ပေါက်စန၏ အခြေအနေကိုကြည့်ရင်း မော့ကြည့်လိုက်မိသည်။ ဟီဆွန်း ကြည့်နေသည်ကိုပင် သိဟန်မတူ၊ နာနေသည့်ခြေထောက်ကိုသာ မျက်ရည်တစမ်းစမ်းနှင့်ကြည့်ရင်း နှုတ်ခမ်းခပ်ဆူဆူလေးက ရင်ထဲအတိုင်းအဆမရှိ ခုန်ပေါက်လာရသည်။
" ဘာကြည့်တာလဲ "
ဆောနူဘက်ကပြန်ကြည့်လာကာ မေးလာတာကြောင့် အမြန်မျက်နှာလွှဲလိုက်ရသည်။
မဟုတ်သေးပါဘူး၊ စောစောစီးစီး ဘာမှမစားရသေးလို့ ရင်တုန်နေတာလား။
" စည်းလို့ပြီးပြီ၊ ခဏထကြည့် "
" ဘယ်လိုထရမှာလဲဗျာ၊ နာပါတယ်ဆို "
တကယ်နာမှန်းသိသော်လည်း လမ်းလျှောက်လို့ရမရသိချင်၍ ထခိုင်းကြည့်သော်လည်း နေရာကပင်မရွေ့။ သို့နှင့် လက်မောင်းမှာဆွဲကိုင်ပေးထားရင် ထကြည့်ရန် ကူညီပေးလိုက်သည်။
" ထကြည့်ပါ ခဏလောက်၊ ကိုယ် ကိုင်ပေးထားတယ် "
မငြင်းချင်တော့ဟန် တူသည်။ အားယူပြီးထသော်လည်း ချက်ချင်းပြန်ထိုင်ချကာ ငိုမဲ့မဲ့မျက်နှာလေးက အထင်းသား။