[Unicode]
တဖွဲဖွဲရွာနေသည့်မိုးစက်တို့ကြားထဲ ရှေ့တွင်သင်နေသည့် ဆရာမစကားသံတို့က ကြားတစ်ချက်မကြားတစ်ချက်။ မိုးသံကြောင့်မဟုတ်ဘဲ ဆောနူကိုယ်တိုင်က စိတ်နဲ့ကိုယ်နဲ့ကပ်မနေခြင်းပင်။ ခြေထောက်ဒဏ်ရာမပျောက်ခင် မေမေတို့ပြန်လာသည့်အတွက် အိမ်ပြန်နေရင်း ပျောက်တော့လည်း ကိုကိုနှင့်ဆက်ဆံရေး ထူးခြားမလာသည်မို့ သိပ်သုံးလေ့မရှိသည့်ဦးနှောက်ကို အလုပ်ပေးနေရသည်။
သဘောကျနေတာကိုယ့်ဘက်ကမို့ မျိုးစုံအထာတွေပေးကပ်နေသည်ကိုပင် ကိုကို့ဘက်က တစ်ခါတလေ လိုက်လျောသယောင် တွန်းထုတ်သယောင် မသဲမကွဲ အပြုအမူတို့က ပို၍ပင်ဝေဝါးစေသည်။ ကစားခံနေရတာလားဟု ပြောပြန်လျှင်လည်း ကိုကိုက ထိုသို့သောသူမဟုတ်မှန်း အသိဆုံးဖြစ်သည်။
အတွေးကြားထဲယောက်ယပ်ခတ်နေစဉ် ဆရာမအချိန်လည်းကုန်သွားပြီဖြစ်၍ ဆေးပေးခန်းရှိရာသို့ ပျင်းပျင်းနှင့်ထွက်လာလိုက်မိသည်။ ရောက်သည်နှင့် ဆေးပုလင်းတစ်ပုလင်းဆီအလိုက် မှတ်သားနေရင်း လူရောက်လာသည်ကိုပင် အာရုံမရောက်နေသောသူကို လှမ်းခေါ်လိုက်သည်။
" ဂျူမင်ဟျောင်း "
နာမည်ခေါ်သံကြားမှ လှည့်ကြည့်လာသော အလုပ်ဂျပိုးဟျောင်းကိုကြည့်ရင်း ခေါင်းသာခါလိုက်မိသည်။ ကံတရားကဆန်းကြယ်သည်ပဲပြောရမလား၊ ဂျူမင်ဟျောင်းက ဆောနူတက်သည့်ကျောင်း၏ဆေးပေးခန်းမှာ အချိန်ပိုင်း၀င်လာလေသည်။ သို့နှင့် စာမသင်ချင်တိုင်း ဂျူတီချိန်ရှိသည့်ဟျောင်းနားကိုသွားသွားနေရင်း အခုဆို အတော်လေးပင်ခင်မင်နေကြပြီဖြစ်သည်။
" ငပျင်းလေး၊ ဒီကိုလာပြန်ပြီ "
" ဟျောင်းကလည်း "
စနောက်ကာပြောနေသောဟျောင်းကို မျက်စောင်းသာတစ်ချက်ထိုးပြပြီး ကုတင်ပေါ်အသာ၀င်လှဲလိုက်တော့သည်။
" စာလေးသင်တာ တော်တော်ပင်ပန်းသွားပုံရတယ်နော် "
" ပင်ပန်းတာပေါ့ ဟျောင်းရ၊ ငုတ်တုတ်ကြီးထိုင်ပြီး နားကလည်းနားထောင်ရသေး လက်ကလည်းရေးရသေး တစ်ခါတလေ ပါးစပ်ကပါဆိုရသေး၊ စာမေးရင်လည်း ခေါင်းကအလုပ်လုပ်ရသေး "