"ဖုန်းနံပါတ်အစိမ်းပဲ...ဘယ်သူ့ဆီကပါလိမ့်..."
ဖန်သားမျက်နှာပြင်ပေါ် ထင်ဟပ်လာတဲ့ အမည်မသိ ဖုန်းနံပါတ်စိမ်းအား တစ်ချက်ကြည့်ရင်း ရေရွတ်လိုက်မိသည်။ တစ်ပြိုင်တည်းမှာပဲ စိတ်အာရုံဆီ အပြေးဝင်ရောက်လာသော မီးခိုးရောင် ညှို့မျက်ဝန်းတစ်စုံ။ သူများလားဆိုသော အတွေးတို့ဖြင့် ဖုန်းကို လက်ခံလိုက်မိပါရဲ့။
/ဟယ်လို...မမ.../
ဖုန်းကိုင်ကိုင်ချင်း ထွက်ပေါ်လာသော အသံလေးကြောင့် မြရဲ့ ကျောရိုးတွေ မတ်သွားရ၏။ အဲ့ဒီနာမ်စားကြောင့်များလား။ မဟုတ်နိုင်။ အဲ့ဒီနာမ်စားက မြနှင့်စိမ်းသည့် နာမ်စားတော့မဟုတ်။ သျှန်းနှင့် ကိုကို၊ငယ်ငယ်တို့သာမက ကျောင်းတုန်းက ဂျူနီယာလေးတွေ၊ လက်အောက်ဝန်ထမ်းလေးတွေဆီက မကြာခဏ အခေါ်ခံခဲ့ရသည့်နာမ်စားပါပဲ။ ယခုအခါမှ ထိုနာမ်စားက မြကို ရင်ခုန်နေစေသည်လား။ အို...နာမ်စားတစ်လုံးအတွက်နှင့် ရင်ခုန်ရလောက်အောင် မြက ဆယ်ကျော်သက် ကလေးလည်း မဟုတ်။
/မမ.../
ရော်...ခက်တော့တာပဲ။ ထပ်ခေါ်နေပြန်ပါပြီ။ ဒီအတိုင်းဆို မြမထူးမချင်းကို ခေါ်နေမည့်ပုံ။
"အင်း....မင်း..စဉ်းစားပြီးပြီလား..."
မိမိထက် ၆နှစ်လောက် ငယ်သော ကလေးရှေ့ မြရဲ့ ဒီလိုပုံစံကို မပြချင်သဖြင့် စကားတို့ကို အတော်လေး ထိန်းပြောလိုက်မိပါရဲ့။
/ဟုတ်ကဲ့...မြူစဉ်းစားပြီးပါပြီ.../
"ဒါဖြင့်...မင်းအဖြေက..."
/မြူ...မမဆီကိုလာခဲ့မယ်...အရောက်လာခဲ့မယ်.../
အို...ဒါကဘယ်လိုစကားပါလိမ့်။ မြဆီ ခေါ်ထားတာမှ မဟုတ်ဘဲလေ။ သျှန်းဆီ လာတွေ့ဖို့ ခေါ်ထားတာကို လူကို သက်သက်မဲ့ ရင်တုန်အောင် ပညာပြနေပြန်ပါပြီ။ မြူဆိုသည့် ဤကလေးမက ကြောက်စရာ။
"အို...တို့ဆီမဟုတ်ပါဘူးလေ.."
/ဘယ်လိုပဲဖြစ်ဖြစ်...မြူက မမတို့ဆီလာရမှာပဲမဟုတ်လား../
ဒါလည်း ဟုတ်တာပါပဲ။ မြ သက်ပြင်းသာ ခိုးချရ၏။
"ကောင်းပြီလေ...မင်းဘယ်နေ့လောက်လာမလဲ...သျှန်းက ဒီနေ့ထိ ဆေးရော အစာရော မဝင်ဘူးဖြစ်နေတာ...ရက်ကြာနေပြီမို့ အိပ်ယာထဲကတောင် မထနိုင်တော့ဘူး ဖြစ်နေပြီ..မင်းမြန်မြန်လာမှရမယ်.."
YOU ARE READING
မြကြေးမုံ