Episode- 6[Unicode]

668 61 4
                                        

"မြူ...နင် သျှန်းသုခတို့အိမ်ကို ဘာတွေဓာတ်ကျနေတာလဲ..ဒီရက်ပိုင်း ဆိုင်ဘက်ကိုတောင်သိပ်မလာဘူး..."

ဆိုင်ကိုရောက်ရောက်ချင်း ချမ်းက ဦးစွာ ဆီးကြိုရန်တွေ့သဖြင့် မြူက နှုတ်ခမ်းပါးပါးလေးကို ခပ်ရေးရေး ကွေးညွှတ်ပြုံးလိုက်ရင်းသာ ဧည့်တွေ့ခန်းထဲကဆိုဖာပေါ် ပစ်လှဲလိုက်မိသည်။ ဆိုင်ကိုမရောက်တာ တစ်ပတ်လောက်ပင်ရှိတော့မည်မို့ ချမ်းရန်တွေ့လျှင်လည်း တွေ့ချင်စရာပင်။

"ဘာလဲ..နင်..သျှန်းသုခကို အတည်ကြီးသဘောကျသွားပြီပေါ့..."

ချမ်းက လက်ထဲကစာရင်းစာအုပ်ကြီးကို ပိတ်လိုက်ရင်း လှမ်းမေးလာ၏။

"ချီး...ငါမလိုချင်လို့တောင်ပစ်ခဲ့တဲ့ကောင်ကို ငါကအတည်သဘောကျစရာလား.."

မြူတစ်ယောက် လှဲအိပ်နေရာမှ ငေါက်ခနဲထထိုင်ကာ ရန်ပြန်တွေ့မိပါရဲ့။

"မသိဘူးလေဟာ...နင်က သူအခုလိုဖြစ်သွားပြီးတဲ့နောက်ပိုင်း ရည်းစားတွေလည်းအကုန်ဖြတ်ပစ်တယ်..သူ့အိမ်ကိုလည်းနေ့တိုင်းချောင်းပေါက်မတတ်သွားတယ်..အဲ့တော့ ငါထင်တာမှားသလား..."

မြူက နှုတ်ခမ်းပါးလေးကို တစ်ခြမ်းမြှောက်ပြုံးလိုက်ကာသာ စားပွဲပေါ်က စီးကရက်တစ်လိပ်ကို ယူ၍ မီးညှိလိုက်သည်။

"ဘာလဲ...ငါထင်တာမဟုတ်ရင်ဘာလဲလို့..."

မြူ့နှုတ်ခမ်းပါးလေးနှင့် ထိတွေ့ခွင့်ရတော့မည့် စီးကရက်လေးက လေထဲတွင်ပင် ရပ်တန့်သွားရရှာ၏။

"နင်ပြောတာတွေကတော့မှန်ပါတယ်...ရည်းစားတွေကိုဖြတ်ပစ်လိုက်တာရော...သူ့အိမ်ကိုနေ့တိုင်းသွားနေတာရော...ဒါမဲ့...အဲ့ဒါသျှန်းသုခကြောင့်မဟုတ်ဘူးဟ..."

မြူ့နှုတ်ခမ်းပါးပါးက စီးကရက်လေးကို လှမ်းဖွာရှိုက်လိုက်ကာ မီးခိုးငွေ့တွေကို ပတ်ဝန်းကျင်လေထုဆီ မှုတ်ထုတ်လိုက်၏။ မြူဟာ မီးခိုးရောင်တွေကို သိပ်သဘောကျတဲ့မိန်းက​လေး။ သူမက မီးခိုးငွေ့တွေကိုလည်း သိပ်နှစ်သက်တာ။

"ဒါဆို..ဘာလို့လဲ..."

မြူ့မျက်ဝန်းတွေထဲ အရင်ကမမြင်ခဲ့ဖူးတဲ့ လေးနက်မှုတွေ ခိုကပ်လာကြ၏။ တစ်ခုခုကို သဘောတကျတွေးတောနေသည့် ဤသို့သောအမူအရာမျိုးကို မီးခိုးငွေ့တွေကြားမှ မြင်နေရ၏။

မြကြေးမုံWhere stories live. Discover now