[UNICODE]
"ပါပါးကို Athy လွမ်းနေတာ!"
ဘယ်လိုပဲဆိုစေ ဒီနေရာ ဒီအခြေအနေက သူ့အတွက် လက်တွေ့ဘဝအမှန်ပါပဲ။ လိမ်ညာပြီး Claude ရှေ့မှာ ချစ်စရာကောင်းအောင် ဟန်ဆောင်နေရတာလေ။ ကိုယ့်ဘဝအခြေအနေကို ဒီလိုလက်ခံလိုက်ရတော့လည်း ဝမ်းနည်းစရာ။
ဒါပေမဲ့ သူဘယ်လောက်ပဲ ဝမ်းနည်းနည်း အထီးကျန်ကျန် ဘယ်တော့မှ ငိုမှာမဟုတ်ဘူး!
"အာ!"
မြက်ခင်းပြင်ပေါ် ဖြတ်ပြေးလာရင်းကနေ Claude ရှေ့မှာ ရပ်လိုက်တယ်။ တစ်ခုခုကိုသတိရသွားသလို အသံတစ်ချက်ပြုပြီးတဲ့နောက်မှာ ကိုယ်ကိုညွှတ်လိုက်တယ်။
"Athy ကို လက်ဖက်ရည်အတူသောက်ဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဒီရက်ပိုင်းအတွင်း သင်ထားတဲ့အတိုင်း ဦးညွတ်နှုတ်ဆက်လိုက်တဲ့အခါ Claude ရဲ့အနောက်မှာရပ်နေတဲ့ Felix ဆီက ရယ်သံခပ်တိုးတိုးကို ကြားလိုက်ရတယ်။ နော်? သူဒီလို လူကြီးပုံဖမ်းရင် ချစ်စရာကောင်းတယ်ဟုတ်? အဟွန်း! ဒီနေ့တော့ အရင်နေ့တွေကထက် အများကြီးပိုလို့ ချစ်ဖို့ကောင်းနေတော့မှာ။ တမင်ကို သူ့မှာရှိတဲ့ဂါဝန်တွေထဲက အလှဆုံးကိုမှ ရွေးဝတ်ထားပြီး ချစ်ဖို့ကောင်းတဲ့ပုံစံတွေကိုလည်း မှန်ရှေ့မှာလေ့ကျင့်ထားရတာလေ။
ဒီနေ့ရဲ့ အကွက်ကတော့ 'ဓလေ့ထုံးတမ်းတွေကို သေချာမသိသေးပေမဲ့ လူကြီးလေးလို ခပ်တည်တည်ပုံဖမ်းတတ်တဲ့ ကလေးမလေး' ပေါ့။ စိတ်ရှုပ်ဖို့ကောင်းတဲ့အထိ ဘာမှမသိတဲ့ပုံမျိုးမဟုတ်ဘဲ အသည်းယားစရာကောင်းလောက်အောင်ပဲ မသိတာမျိုးဖြစ်ဖို့တော့လိုတယ်။
ကံကောင်းစွာနဲ့ပဲ သူ့အစီအစဉ်က အလုပ်ဖြစ်တဲ့ပုံပဲ။ လွတ်လွတ်လပ်လပ် ကြည့်ခွင့်ရှိတဲ့ Felix ကထားတော့။ တခြားအစေခံတွေကပါ Claude ရှိနေတာတောင် အရဲစွန့်လို့ သူ့ကို လှမ်းကြည့်နေတယ်။
အလွှာအထပ်ထပ်တွေပါတဲ့ ပုံ့ပုံ့အိအိဂါဝန်အဖြူလေးထဲမှာ သူကသေချာပေါက် နတ်သမီးလေးလို ဖြစ်နေမှာပဲ။ ဒါပေါ့ အခုကတော့ ကြော့ရှင်းလှပတဲ့နတ်သမီးမျိုး မဟုတ်ဘဲ ကလေးနတ်သမီးပေါက်စနဲ့ပဲပိုတူနေမှာ။
YOU ARE READING
Who Made Me A Princess 《MM Translation》
FantasyTitle: Who Made Me A Princess/ Suddenly I Became A Princess One Day Author: Plutus (플루토스) Type: Web Novel (KR) Genre: comedy, drama, fantasy, shoujo, romance