Chapter 4

771 62 0
                                    

အပိုင်း (၄) အိပ်မက်ဆိုး - ၄

ကျီရန်ရဲ့စိတ်တွေ ဟိုဟိုဒီဒီရောက်နေတယ်။
လူသားတွေက  ထူးဆန်းတဲ့သတ္တဝါတွေပဲ။ သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ သူတို့အတွေးတွေက ရောက်ရက်ခတ်ပြီး သွေးရူးသွေးတန်းတွေဖြစ်သွားတတ်တယ်။
ဒီလိုအခြေအနေမျိုးကို သူမ စာမေးပွဲဖြေတုန်းက ခဏခဏကြုံဖူးတယ်။ စာမေးပွဲဖြေနေတုန်း သီချင်းကိုပဲ အဆက်မပြတ်စိတ်ထဲရောက်နေတာမျိုးပေါ့။ သူမ ဦးနှောက်နဲ့ တခြားသူဦးနှောက်ကို တကယ်ကို လဲပစ်လိုက်ချင်တယ်။ ဒီလိုသေရေးရှင်ရေးအခြေအနေမျိုးမှာ သူမအတွေးထဲ မဆီမဆိုင်အကြောင်းအရာတွေပဲ ပေါ်လာနေတယ်။
သူမရဲ့ဘာမဆိုင်ညာမဆိုင် ပထမဆုံးအတွေးက….ဒီလက်က ဒရီလာ သူရဲကောင်း နိုင်ရင်းရဲ့လက်များလား?????
သူမရဲ့ဒုတိယအတွေးက….အာ…သူ့အသံက တော်တော်နားထောင်လို့ကောင်းသားပဲ……
နောက်ဆုံးတော့ သူမစိတ်ထဲကနေ သီချင်းတစ်ပုဒ်ကို ဆိုနေမိတော့တယ်။
ကျီရန်က သူမစိတ်ထဲကနေ သီချင်းဆိုနေတုန်း ရင်းရွှဲကျုံးလက်က သူမခေါင်းပေါ်က အနီရောင်အဝတ်စကို လာထိလိုက်တာ မြင်လိုက်တယ်။ ဒါပေမဲ့ ရင်းရွှဲကျုံး သူမခေါင်းပေါ်က အဝတ်ကို မ,မလိုက်ခင်မှာပဲ သူမက ရုတ်တရက် ထအော်လိုက်တယ်……….
“ရင်း ရွှဲ ကျုံး!”
သူမအသံက အခန်းတစ်ခုလုံး ဟိန်းထွက်သွားတယ်။
ကျီရန်ရဲ့ဦးခေါင်းခွံကတော့ ဘာမှမရှိတော့သလို ခံစားလိုက်ရတယ်။ သူမတော့ သေပြီ…ဒီမှာတင် ပွဲသိမ်းပြီ။
သူမအသံကြားလိုက်ပြီး ရင်းရွှဲကျုံးက သူမက အတုဖြစ်နေမှန်း သိသွားမှာသေချာတယ်။ အဲဒါကြောင့် သူမကို သေချာပေါက်သတ်ပစ်တော့မှာ။
ဒါပေမဲ့လည်း သူမလုံးဝမမျှော်လင့်ထားတာ ဖြစ်သွားတယ်။ ရင်းရွှဲကျုံးက သူမခေါင်းပေါ်က သူ့လက်ကို ဖယ်လိုက်ပြီး “ဘာဖြစ်တာလဲ” လို့ မေးလိုက်တယ်။ သူ့အသံနားထောင်ရတာ စိတ်အခြေအနေကောင်းတဲ့ပုံပဲ။
သူ့အသံက ပုံမှန်ပေမဲ့ သူမကတော့ အဲဒီအသံနောက်ကွယ်က အန္တရာယ်ကို ခံစားလို့ရနေတယ်။
ကျီရန်လက်တစ်ခုလုံး ကြက်သီးမွှေးတွေထသွားတယ်။ သူမခေါင်းတစ်ခုလုံး ချာချာလည်နေတယ်။
ဘာဖြစ်တာလဲတဲ့??? သူမဘာတွေဖြစ်နေတာလဲ….သူမဘာတွေဖြစ်နေမှန်း သူမလည်း မသိတော့ဘူး….
သူမကို မသတ်ဖို့ တောင်းပန်လိုက်သင့်လား….
မဖြစ်သေးပါဘူး…ရင်းရွှဲကျုံးလိုလူမျိုးကို တောင်းပန်လည်း အပိုပဲ။ သူ့ကို မသတ်ဖို့တောင်းပန်တဲ့သူကိုသာ လွှတ်ပေးတယ်ဆိုရင် အဲဒီလူက ရင်းရွှဲကျုံးမဟုတ်ဘူး။ သူ့ရုပ်တုပဲဖြစ်ရမယ်။ သူ့ရုပ်တုကို နေ့တိုင်းဒူးထောက်တောင်းပန်ပြီး ပူဇော်ပသတဲ့နည်းတစ်ခုကပဲ သူ့လက်က လွတ်နိုင်မယ်။ ရင်းရွှဲကျုံး အစစ်ကတော့ ဘယ်လိုမှ လွတ်ဖို့မဖြစ်နိုင်ဘူး။
ဒါဆိုရင် သူ့ကို ယုံကြည်အောင်လုပ်ပြသင့်လား??
ကျီရန်က အံကို တင်းတင်းကြိတ်ထားတယ်။ ဘာပဲဖြစ်ဖြစ် သူမ သေရတော့မှာပဲဆိုတော့ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ရသလောက်တော့ ကြိုးစားကြည့်ရမှာပေါ့။ “ရှင့်ကို လုပ်ကြံဖို့ ကျွန်မကို အတင်း အဆိပ်တွေထည့်ပေးထားကြတယ် ပြီးတော့ ကျွန်မကို ရင်းမူယောင်းအယောင်ဆောင်ခိုင်းပြီး ရှင့်ကို အဆိပ်မိအောင်လုပ်ဖို့ အတင်းလွှတ်လိုက်ကြတယ် ကျွန်မ သူတို့ကို မုန်းခဲ့တာ ကြာပြီ ရှင်ကတော့ ဘာအပြစ်မှမရှိဘူးလို့ ကျွန်မယုံတယ် အဲဒါကြောင့် ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော် ကျွန်မကို လာမထိနဲ့”
သူမ တရပ်စပ်ပြောလိုက်တယ်။
သူမစကားဆုံးတာနဲ့ သူမခေါင်းပေါ်က အနီရောင်အဝတ်စက ပြုတ်ကျလာတယ်။
သူမ ဦးခေါင်းရှိသေးတဲ့အတွက် နည်းနည်းစိတ်သက်သာရာရသွားတယ်။
ဒါပေမဲ့ သူမရှေ့က မြင်ကွင်းကို ကြည့်ပြီး သူမ တောင့်တောင့်ကြီးဖြစ်သွားတယ်။
သူမရှေ့က လူက သူမစိတ်ကူးထားတဲ့ပုံနဲ့ လုံးဝတခြားစီပဲ။
ဝတ္ထုထဲမှာဖော်ပြထားတာက ရင်းရွှဲကျုံးက သွေးအေးရက်စက်တဲ့ မကောင်းဆိုးဝါးတစ်ယောက်။ လူတစ်ယောက်ရဲ့ဦးခေါင်းကို ပွင့်ထွက်သွားအောင် ဖျစ်ညှစ်နိုင်တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သွေးချောင်းစီးသွားအောင် လူသတ်နိုင်တယ်. သူချစ်မြတ်နိုးခဲ့တဲ့ အမျိုးသမီးကိုတောင် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ပစ်လိုက်နိုင်ပြီး သူမဝိဉာဉ်ကို သေတ္တာထဲ ထည့်ထားခဲ့နိုင်တယ်။
သူက လူကျင့်ဝတ်တွေရှိတဲ့ လူသားတစ်ယောက်မဟုတ်ဘူး။ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲလိုက်တာနဲ့ အရက်စက်အကြမ်းကြုတ်ဆုံး ဗီလိန်ဖြစ်လာတော့တယ်။ ရင်းရွှဲကျုံးရဲ့တစ်ကိုယ်လုံးက မကောင်းဆိုးဝါးပဲ။ ဒါပေမဲ့လည်း ဒါတွေအားလုံးက သူကိုယ်တိုင်ကိုက မကောင်းဆိုးဝါးဖြစ်မယ့်လမ်းကို ရောက်လာခဲ့လို့ပဲ။
ဝတ္ထုထဲမှာ ဖော်ပြထားတာက ရင်းရွှဲကျုံးက အသားအရည်ကောင်းပြီး ခန့်ညားချောမောတဲ့ ယောကျ်ားတစ်ယောက်။ ကျီရန်က သူ့ရဲ့ကြောက်စရာကောင်းတဲ့လက်ကို မြင်ပြီး သံသယဝင်မိတယ်။ ဒီလိုခန့်ညားချောမောတဲ့လူတစ်ယောက်မှာ ဒီလောက်ကြောက်စရာကောင်းတဲ့လက်ရှိတယ်ဆိုတာ သူမဘယ်လိုမှ စဉ်းစားမရဘူး။
အသူတရာနက်တဲ့ချောက်ကနေ လွတ်လာတဲ့ မကောင်းဆိုးဝါးဘုရင်က လုံးဝမကောင်းဆိုးဝါးရုပ်ထွက်နေမှာပဲလို့ သူမထင်ထားခဲ့တာ။
ဒါပေမဲ့လည်း သူမထင်ထားနဲ့ သူ့ပုံစံက လုံးဝတခြားစီပဲ။
သူမရှေ့က ယောကျ်ားရဲ့ပုံစံက ခြေတံလက်တံရှည်ရှည်နဲ့ အရပ်ရှည်တဲ့လူတစ်ယောက်။ သူ့ရဲ့မည်းနက်ရှည်လျားတဲ့ဆံပင်တွေက သူ့တစ်ကိုယ်လုံးကို ဖြန့်ကြဲထားတယ်။ သူ့အသားရည်ကလည်း နှင်းလိုဖြူစွတ်နေတယ်။ မျက်ခုံးမွှေးကလည်း အထူကြီးဖြစ်ပြီး မျက်သားနက်နက်နဲ့ မျက်လုံးလှလှလေးလည်း ရှိတယ်။ သူ့တစ်ကိုယ်လုံးက အမှောင်ဖုံးနေပေမဲ့ ရောင်ဝါတွေထွက်နေသလိုပဲ။ အတိုချုပ်ပြောရမယ်ဆိုရင်တော့ အသေချောတယ်……
သူက အညှိအကြေးတွေတက်နေတဲ့ ကျောက်စိမ်းတစ်တုံးနဲ့တူတယ်။ ခုံးကောင်ထဲမှာ ဖုံးကွယ်နေတဲ့ ပုလဲလုံးလေးတွေလိုပဲ။ ဖမ်းစားထားနိုင်လွန်းတယ်။
ဘာပဲဖြစ်ဖြစ် သူ့မှာ ကြောက်စရာကောင်းတဲ့လက်တစ်စုံရှိတယ်။ သူ့လက်ကို မြင်မှပဲ ကျီရန်တစ်ယောက် သူက ဗီလိန်ဆိုတာ အသိတရားပြန်ဝင်တော့တယ်။
သူ့ရဲ့အကြည့်တွေအောက်မှာ မတုန်လှုပ်သွားဖို့ သူမကိုယ်သူမ အားတင်းထားတယ်။
တကယ်လို့များ သူမကြောက်တဲ့ပုံပေါက်သွားမယ်ဆိုရင် သူမဦးခေါင်းက မသေချာတော့ဘူး။
သူမက ရင်းရွှဲကျုံးရဲ့မျက်နှာကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်တယ်။ ရင်းရွှဲကျုံးက ရုတ်တရက် သူမဘက်ကို လှည့်လာပြီး သူ့ရဲ့အေးစက်နေတဲ့အကြည့်တွေနဲ့ သူမကို စိုက်ကြည့်တော့တယ်။
သူမအသက်အောင့်ထားမိတယ်။
ရင်းရွှဲကျုံးက သူမကို နှာခေါင်းရှုံ့လိုက်တယ်။ သူမှုတ်ထုတ်လိုက်တဲ့လေက သူမလည်တိုင်ဆီကို အေးစက်တဲ့အထိအတွေ့နဲ့ လာရိုက်ခတ်သွားတယ်။ သူမလည်တိုင်မှာ မြွေပွေးတစ်ကောင်ဖြတ်သွားသလိုကို ခံစားလိုက်ရတယ်။
သူမမှာ အဆိပ်ရှိတယ်ဆိုတာ သူသိသွားတာနဲ့ ရင်းရွှဲကျုံးက နှုတ်ခမ်းကို ကွေးပြီး ပြုံးလိုက်တယ်။ သူ့အပြုံးက ကြည့်လို့ကောင်းပေမဲ့ သရော်ပြုံးဖြစ်နေတယ်။ သူက အဲဒီလူတွေကို အထင်သေးနေတဲ့ပုံပဲ။ သူ့ရဲ့အပြုံးကို ကြည့်ခြင်းအားဖြင့် သူ့ကို သတ်မယ့် သူတွေရဲ့အစီအစဉ်က ဘယ်လောက်တောင် ရူးမိုက်လိုက်လဲလို့ ထင်နေမှာသေချာတယ်။
ကျီရန်ကတော့ မလှုပ်မယှက်နဲ့ နောက်ထပ်အကြံကို ထပ်စဉ်းစားနေတယ်။
သူမခေါင်းကို ဖြုတ်ပစ်လိုက်ပြီး အကြံထွက်လာအောင် လှုပ်ခါရမ်းပစ်လိုက်ချင်မိတယ်။

ရင်းရွှဲကျုံးက သူ့ရှေ့ကအမျိုးသမီးကို စိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက သတ်ပစ်ချင်စိတ်အပြည့်ပဲ။

ကောင်းကင်ကြီးက တိမ်မည်းတွေနဲ့ပြည့်နှက်နေပြီး ပတ်ဝန်းကျင်မှာ မှော်စွမ်းအားတွေအပြည့်ပဲ။ လင်းရှောင်မြို့မှာ မှော်စွမ်းအားတွေ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြည့်လျှံနေတယ်။ မြို့တစ်ခုလုံး ပျက်ဆီးတော့မယ့်အတိုင်းပဲ။

မြို့ရဲ့အေးချမ်းမှုတွေ လုံးဝပျောက်ဆုံးသွားခဲ့ပြီ။ မြို့ထဲကလူတွေလည်း အရမ်းထိတ်လန့်လာပြီး နေရာတိုင်းမှာ ပြေးလွှားနေကြတယ်။ များပြားလှတဲ့ မှော်စွမ်းအားရှင်တွေလည်း ရောက်လာကြပြီ။ ရင်းရွှဲကျုံးနဲ့ ကျီရန်တို့ရှိနေတဲ့ ခြံဝန်းတစ်နေရာပဲ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ရင်းရွှဲကျုံး အခုချိန်မှာ အလုပ်ချင်ဆုံးအရာတစ်ခုကတော့ သူ့ရှေ့က မိန်းကလေးကို သတ်ပစ်ချင်တာပဲ။

ဒါပေမဲ့ သူ သူမကို သတ်လို့လည်းမရပြန်ဘူး။

သူ့ရှေ့ကမိန်းကလေးက သူ့လက်ထဲက အသက်မဲ့နေတဲ့အရုပ်လေးတစ်ရုပ်လိုပဲ။ ရွှဲရွှဲစိုနေတဲ့ သူမဆံပင်ကနေ ရေစက်တွေကျနေတယ်။ သူမမျက်နှာက လူသေလို ဖျော့တော့နေတယ်။ သူမက တကယ်အားနည်းတဲ့မိန်းကလေးတစ်ယောက်ပဲ။ ကျီရန်တစ်ယောက် သတိမေ့ချင်သလိုဖြစ်နေတယ်။

သူမ သူ့မေးခွန်းကို မဖြေနိုင်ဘူး။

ရင်းရွှဲကျုံးက အမျက်ခြောင်းခြောင်းထွက်နေပေမဲ့ သူ့ဒေါသကို ချုပ်ထိန်းပြီး သူမမျက်နှာပေါ်က သူ့လက်ကို အားလျှော့လိုက်တယ်။
အဲဒီတော့မှ ကျီရန်တစ်ယောက် သက်ပြင်းချနိုင်တော့တယ်။

သူမ မျက်တောင်လေးတွေတုန်ရင်နေတယ်။ သူမ မျက်လုံးပြန်ဖွင့်လိုက်တော့ သူမနဲ့ ရင်းရွှဲကျုံး တစ်ယောက်နဲ့တစ်ယောက် အရမ်းပူးကပ်နေတယ်ဆိုတာ သတိထားမိလိုက်တော့တယ်။ သူက သူမနားကို အရမ်းကပ်ပြီးမတ်တပ်ရပ်နေတာကြောင့် သူ့ဆီက အေးစက်တဲ့အငွေ့အသက်ကို သူမခံစားလို့ရနေတယ်။ အဲဒီအေးစက်တဲ့အငွေ့အသက်က သူမကို ထိတ်လန့်ကြောက်ရွံစေတယ်။ ကျီရန်က လေသံပျော့ပျော့လေးနဲ့ “ကျွန်မ မသိဘူး” လို့ပြောလိုက်တယ်။

သူမက ဘာစွမ်းအားမှမရှိတဲ့ သာမန်မိန်းကလေးတစ်ယောက်ပါ။ သူ့ကို ဘာများလုပ်နိုင်မှာလဲ???

သူမမျက်နှာကို ကိုင်ထားတဲ့ အဲဒီလက်တွေက အရမ်းကြောက်ဖို့ကောင်းတယ်။ လက်သည်းမည်းမည်းရှည်ရှည်တွေက သူမမျက်နှာကို ထိုးစိုက်မတတ်ပဲ။ ရင်းရွှဲကျုံးက အားနဲ့ဖိစိုက်ထားတဲ့အတွက် သူမမျက်နှာကို ဖြဲပစ်တော့မယ်လို့တောင် ကျီရန်ထင်မိတယ်။

ခဏနေတော့ သူလွှတ်ပေးလိုက်ပြီး သူမကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်နေတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုပဲ။


သူ သူမကို ဘာလုပ်ပစ်မလဲဆိုတာ သူမလည်း မသိတော့ဘူး။

သူက ဒေါသကြီးတဲ့လူတစ်ယောက်။ သူ့မှာ မကောင်းဆိုးဝါးစွမ်းအင်တွေရှိတဲ့အတွက် သူ့ကို တစ်ယောက်ယောက်က ပစ္စည်းတစ်ခုလို ထိန်းချုပ်ပြီး အသုံးချခဲ့တာ။ သူက သာမန်လူနဲ့ လုံးဝမတူဘူး။ အဲဒါကြောင့်လည်း မျက်တောင်မခတ် မကောင်းမှုတွေကို လုပ်နိုင်ခဲ့တာပေါ့။


ကျီရန်က ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေတယ်။ သူက သူမကို မြေကြီးပေါ် တွန်းလှဲပစ်လိုက်ပြီး သူမအဝတ်အစားတွေကို ဆုတ်ဖြဲပစ်လိုက်တယ်။

ကျီရန်က ထိတ်လန့်သွားတာကြောင့် မျက်လုံးတွေပါပြူးကျယ်သွားတယ်။ ဒါပေမဲ့ သူမ အင်အားနည်းနေတဲ့အတွက် သူ့ကို မရုန်းနိုင်ခဲ့ဘူး။

ရင်းရွှဲကျုံးကတော့ ဘာခံစားချက်မှမရှိတဲ့ပုံစံနဲ့ပဲ သူမတစ်ကိုယ်လုံးကို နေရာအနှံ့လိုက်စစ်ဆေးနေတယ်။

သူ သူမဆီက ဘာထူးဆန်းတာကိုမှ မခံစားမိတာကြောင့် သူမကိုယ်ပေါ်မှာ တစ်ခုခုဖုံးထားတာ ဖွက်ထားတာရှိမလားဆိုပြီး တစ်ကိုယ်လုံးကို စစ်ဆေးနေတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဘာမှကို ရှိမနေခဲ့ပါဘူး။

မှော်လက်နက်တွေလည်းမရှိသလို မှော်ဆေးလည်းမရှိဘူး။ ထူးဆန်းတဲ့ ဘာအမှတ်အသားမှကို မရှိဘူး။

ရင်းရွှဲကျုံးက ကျီရန်မျက်နှာကို စူးစိုက်ပြီး ထပ်ကြည့်ပြန်တယ်။


မိန်းမငယ်လေးက မြေကြီးပေါ်မှာ တောင့်တောင့်ကြီး လှဲနေတယ်။ သူမခေါင်းက နည်းနည်းလေး ဘေးစောင်းနေပြီး သူမလည်းပင်းပေါ်မှာ အနီရောင်အရာကြီးဖြစ်နေတယ်။ ရှက်နေတဲ့ပုံပဲ။ အတိအကျပြောရရင် အဲဒီမိန်းကလေးက ရှက်ရွံနေပြီး မကျေမနပ်ဖြစ်နေပုံပေါ်တယ်။

ရင်းရွှဲကျုံးက သူမကို စိတ်ဝင်စားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ကျီရန်သိပါတယ်။

သူက လူသားတွေကို ရန်လိုနေတာ။ သူ့အကြည့်တွေအရ သူက သူမကို ပုရွက်ဆိတ်လေးတစ်ကောင်သတ်သလို ဖိညစ်လိုက်တာနဲ့ သတ်လို့ရတယ်လို့‌တွေးနေပုံပဲ။ သူ့ပုံစံက သူမကို လိင်ပိုင်းဆိုင်ရာအရ စော်ကားချင်လို့မဟုတ်ဘူးဆိုတာတော့ သိသာပါတယ်။

ဒါပေမဲ့လည်း သူမက အပျိုစင်မိန်းကလေးတစ်ယောက်ပါ…..

သူမက ရှေးရိုးစွဲသမားတော့မဟုတ်ပေမဲ့ ပွင့်ပွင့်လင်းလင်းသမားကြီးလည်းမဟုတ်ပါဘူး။

သူမ….သူမ အရမ်းရှက်ပြီး နေရခက်တယ်။

ကျီရန်က မျက်လုံးမှိတ်ထားပြီး အောက်နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ထားတယ်။

ခြံဝန်းအပြင်က ဆူညံသံတွေက တဖြည်းဖြည်းကျယ်လောင်လာတယ်။ ကြည့်ရတာ ဒီခြံဝန်းထဲမှာ ရှာဖွေဖို့ လူအုပ်လိုက်ကြီး လာနေကြတဲ့ပုံပဲ။ ဆူညံသံတွေကြားတော့ ကျီရန်လည်း နည်းနည်းလန့်သွားတယ်။ ရင်းရွှဲကျုံးဘက်ကို လှည့်ပြီး အသနားခံတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။

“ကျေးဇူးပြုပြီး….မလုပ်ပါနဲ့…” သူမမျက်လုံးအိမ်ထဲမှာ မျက်ရည်တွေအပြည့်ပဲ။ သူမ အရမ်းကြောက်နေတယ်။

ရင်းရွှဲကျုံးက မျက်မှောင်ကြုတ်ပြီး ကြည့်နေတယ်။ သူနဲ့ ကျီရန်တို့ ဘာလို့များ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်သွားရတာလဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်။


ကျီရန်ငိုသံကြားတော့ သူ နည်းနည်းစိတ်ကသိကအောက်ဖြစ်သွားတယ်။ ဒါပေမဲ့ သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး သူ့ရဲ့ကျယ်ပြန့်လှတဲ့ ဝတ်ရုံနက်ထဲကို ဆွဲသွင်းလိုက်တယ်။

သူ့ခန္ဓာကိုယ်က အေးစက်နေတာပဲ။ ကျီရန်က အေးစက်လွန်းပြီး ခိုက်ခိုက်တုန်နေတဲ့အတွက် သူ့ကို ဖက်ထားလိုက်တော့တယ်။

“တင်းတင်းကိုင်ထား”

ရင်းရွှဲကျုံးက သူမကို ပွေ့ဖက်လိုက်ပြီး ဒီနေရာကနေ ထွက်ဖို့ ပြင်လိုက်တယ်။

မြူမည်းတွေအဖြစ် ပြောင်းသွားပြန်ပြီ။ သူဖြတ်သန်းတဲ့နေရာတိုင်း သွေးချောင်းစီးခဲ့တာပဲ။


သူက လူသားတစ်ယောက်မဟုတ်ဘူး။


မကောင်းဆိုးဝါးဝိဉာဉ်က လျှပ်တပြတ် သွားနိုင်လာနိုင်တယ်။ ကျီရန် ဒီကိုမရောက်လာခင်တုန်းက ကစားခဲ့တဲ့ 3D ဖိုက်တင်ဂိမ်းထဲကလို ခံစားရတယ်။ ဒါပေမဲ့ တိုက်ခိုက်လှုပ်ရှားမှုတွေကြောင့် သူမ ခေါင်းအရမ်းမူးပြီး လည်နေသလိုခံစားနေရတယ်။


သူမ မအီမသာနဲ့ အန်ချင်နေတာကို ခံစားမိတဲ့အတွက် သူ ရုတ်တရက် အရှိန်လျှော့လိုက်တယ်။

ရင်းရွှဲကျုံးက ထိုက်ရွှဲမန်းဂိုဏ်းသားတော်တော်များများကို သတ်ပစ်ခဲ့တယ်။ သူ့ကိုမြင်တဲ့သူတိုင်းကို တစ်ယောက်မကျန် အကုန်ရှင်းပစ်ခဲ့တယ်။


သူ လျှောက်ကြည့်နေရင်း သေဆုံးနေတဲ့အမျိုးသမီးအလောင်းတစ်လောင်းကို တွေ့သွားတယ်။ ကျီရန်ကို လွှတ်ပေးလိုက်ပြီး “သူ့အဝတ်အစားတွေ ယူဝတ်လိုက်” လို့အမိန့်ပေးလိုက်တယ်။


နောက်ဆုံး သူမကို လွှတ်ပေးလိုက်တဲ့အတွက် ကျီရန်လည်း ဝမ်းသာသွားတယ်။ ချမ်းလွန်းလို့ နှာချေနေပြီ။ သူမမျက်နှာက အအေးဒဏ်ကြောင့် ပြာနှမ်းနေပြီ။

သူ့ခန္ဓာကိုယ်က ရေခဲနဲ့ဖန်တီးထားတာများလား…..
ဒီထက်ကြာကြာ သူ့ကို ကိုင်ထားရဦးမယ်ဆိုရင်တော့ သူမ အအေးမိပြီး သေမှာသေချာတယ်။

ကျီရန်က အဝတ်အစားတွေကို အသည်းအသန်လဲဝတ်လိုက်တယ်။ ဒါပေမဲ့ ချမ်းနေတုန်းပါပဲ။ သူမ မတ်တပ်ရပ်ချင်ပေမဲ့ သူမမှာ မတ်တပ်ရပ်ဖို့ အင်အားမရှိဘူးဖြစ်နေတယ်။ သူမမတ်တပ်ရပ်ဖို့ကြိုးစားတိုင်း သူမခြေထောက်မှာ အလေးတုံးတွေဆွဲထားသလိုကို မထနိုင်ဘူးဖြစ်နေတယ်။


ကျီရန်ရဲ့ရေစိုနေတဲ့ဆံနွယ်ရှည်တွေက သူမကျောနောက်မှာ ဖြန့်ကျက်နေတယ်။ သူမလက်ကို နွေးသွားအောင် အာငွေ့နဲ့မှုတ်လိုက်တယ်။

ရင်းရွှဲကျုံးကြောင့် သူမ အအေးမိနေပြီဆိုတာ သိလိုက်ရတယ်။


သူမ ဒီအဖြစ်အပျက်တွေကို ယုံရခက်နေတယ်။ သူမ ဒီဝတ္ထုထဲရောက်လာတာ ၂ ရက်ပဲရှိသေးတယ်။ အအေးမိလို့ ဖျားတောင်ဖျားနေပြီ။

သူမခန္ဓာကိုယ်က ရုတ်တရက် ပူခြစ်လာတယ်။


ရင်းရွှဲကျုံးက မြေကြီးပေါ်မှာလဲနေတဲ့ သူမကို မျက်မှောင်ကြုတ်ကြည့်နေတယ်။ သူလည်း ခေါင်းမူးပြီး ဖျားချင်သလို ခံစားနေရတယ်။


အဲဒီလိုဖြစ်နေတာကို သူ တကယ်ဒေါသထွက်မိတယ်။  သူ့ဒေါသတွေကို သူ့အနောက်နားမှာရှိနေတဲ့ အပင်ကြီးပေါ် ပုံချလိုက်တော့တယ်။ အဲဒီအပင်ကြီးကို ခုတ်ချလိုက်တာ အဲဒီအပင်ကြီး မြေပေါ်ကို လဲကျသွားတော့တယ်။

အပင်လဲသွားတဲ့ အသံအကျယ်ကြီးကြားလိုက်ရပြီး လေထဲမှာ ဖုန်တွေအပြည့်ဖြစ်သွားတော့တယ်။


အဲဒီအသံတွေကြောင့် ကျီရန်လည်း လန့်သွားတော့တယ်။ ကျိုးကျသွားတဲ့အပင်ကြီးကိုပဲ စိုက်ကြည့်နေတယ်။

သူမရှေ့ကယောကျ်ားက ဒေါသအရမ်းထွက်နေတဲ့ပုံပေါ်နေတယ်။

သူ ဒီလောက်စိတ်ဆိုးမာန်ဆိုးဖြစ်နေပေမဲ့လည်း သူမကို အခုချိန်ထိ သတ်ပစ်လို့မရသေးဘူး။


ကျီရန်လည်း သူမကို သူဘာကြောင့်မသတ်တာလဲဆိုတာ နားမလည်နိုင်ဘူးဖြစ်နေတယ်။ သူမကို ဘာကြောင့် ဦးနှောက်ခြောက်စေတဲ့မေးခွန်းတွေ လာမေးနေတာလဲဆိုတာ သူမနားမလည်ဘူး။ ဘာကြောင့် သူမအဝတ်အစားတွေကို ဖြဲပစ်တာလဲဆိုတာ နားမလည်ဘူး။ ဘာကြောင့် သူ လူသတ်နေတဲ့အချိန် သူမကို သူ့ရင်ခွင်ထဲထည့်ထားရတာလဲဆိုတာ နားမလည်ဘူး။


သူမ မူရင်းခန္ဓာကိုယ်ပိုင်ရှင်ဆီမှာ ဘာသဲလွန်စတွေရှိမလဲဆိုပြီး ရှာကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဘာကိုမှမတွေ့ခဲ့ရပါဘူး။
【 “အဲဒါတွေစဉ်းစားဖို့မလိုဘူး” 】အသံတစ်ခုကို သူမ ရုတ်တရက်ကြားလိုက်ရတယ်။

အဲဒါဘယ်သူလဲ????


ကျီရန်က အံဩတကြီးနဲ့ ခေါင်းမော့ပြီး လိုက်ရှာမိတယ်။ ဒါပေမဲ့ ဒီအသံကို သူမတစ်ယောက်တည်းကြားလိုက်ရတာဖြစ်တယ်။ ရင်းရွှဲကျုံးက သူ့ဒေါသတွေကို ပတ်ဝန်းကျင်ကရှိရှိသမျှအရာတွေနဲ့ ဖြေနေတယ်။ သူမနဲ့သူနဲ့ကြားက အဖြစ်အပျက်တွေကို သူဘယ်လိုမှ စဉ်းစားလို့မရဘူးဖြစ်နေတယ်။

【 ကျွန်မက  “အမေးအဖြေဆိုတဲ့ ဝတ္ထုထဲက စည်းမျဉ်းစည်းကမ်းတွေ စီစဉ်ကြီးကြပ်သူတစ်ယောက်ပါ….ဒါပေမဲ့ ကျွန်မကို system လို့ ခေါ်လို့ရပါတယ်】

ကျီရန် , “…”



System တဲ့လား??? System ဆိုတာ သူမဖတ်ဖူးနေကြ ဝတ္ထုတွေထဲကလိုလား????


သူမက နောက်ဆုံးအဆင်ပြေသွားမှာလား….ဘာလို့ အခုမှ အဲဒီ system က ပေါ်လာရတာလဲ။

【 “အစောကြီးကတည်းက ပေါ်လာရင် ဘယ်ပျော်စရာကောင်းပါတော့မလဲ…ဒီလောကမှာနေရတဲ့အတွေ့အကြုံက ပျော်စရာကောင်းရဲ့လား”】


【 “စိတ်လှုပ်ရှားဖို့ကောင်းလား….ပျော်စရာကောင်းလား”】


ဟုတ်ပါတယ်….တအားစိတ်လှုပ်ရှားရလွန်းလို့ တူယူပြီးတော့သာ အဲဒီ system ဆိုတဲ့ဟာကြီးကို တစစီထုခွဲပစ်လိုက်ချင်တယ်။


သူမ ဒီဝတ္ထုထဲရောက်လာတာ ရက်ပိုင်းလေးပဲရှိသေးပေမဲ့ သေဘေးနဲ့တွေ့ခဲ့တာ အကြိမ်ပေါင်းမနည်းတော့တဲ့အတွက် အသိစိတ်တောင် ပျောက်လုမတက်ပဲ။ ဒီလောက် စိတ်ပျက်စရာကောင်းပြီး ဦးနှောက်မရှိတဲ့ system နဲ့ သူမက ဘယ်လိုဖြစ်ပြီး ပက်သက်ရတာလဲ?????

အဲဒီ system က သူမကို အသက်ရှင်စေချင်တဲ့ပုံပဲ။ အဲဒါကြောင့် သူမကို ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်တော့တယ်။

【 “မဂလာပါ ဧည့်သည်,  ရှင်က အမေးအဖြေဝတ္ထုရဲ့ ၁၀၉,၂၇၃ မြောက်စာဖတ်သူတစ်ယောက်ဖြစ်ပါတယ် စာဖတ်ပြီးတော့ ရှင့်ရဲ့တုံ့ပြန်မှုတွေက တခြားစာဖတ်သူတွေနဲ့ လုံးဝမတူဘဲ ခြားနားခဲ့ပါတယ်  ရှင်က ဗီလိန်ဘက်ကနေ ရပ်တည်ပေးခဲ့ပြီး စာရေးဆရာကိုတောင် ဗီလိန်ဇာတ်ကောင်အတွက် မမျှတအောင် ရေးသားရမလားဆိုပြီး ဝေဖန်ခဲ့ပါသေးတယ် အဲဒါကြောင့်ပဲ ရှင်က ဒီဝတ္ထုထဲက ရှင်နဲ့နာမည်တူတဲ့ အရန်ဇာတ်ကောင်ဆီကို ဝိဉာဉ်ကူးပြောင်းလာခဲ့တာပဲဖြစ်ပါတယ် ရှင်မတရားဘူးလို့ထင်တဲ့အတွက် ရှင်ကိုယ်တိုင် ဝတ္ထုထဲဝင်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်”】

【 “စာရေးသူက ရှင်မတရားခံရတယ်လို့မြင်တဲ့ သနားစရာဗီလိန်ကို ရှင်ကိုယ်တိုင် ကယ်တင်ဖို့ ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တယ်”】


【 “ရှင် သူ့ကို မသနားခဲ့ဘူးလား ရှင် သူ့ကို အများကြီးကြိုက်ခဲ့တာပဲမဟုတ်လား အခု သူ့ကိုကယ်တင်ဖို့ ရှင့်မှာအခွင့်အရေးရသွားပြီ”】


【 “ရှင်ဘေးကင်းဖို့အတွက် ရှင်နဲ့ရင်းရွှဲကျုံးကို တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်နေအောင်လုပ်ပေးခဲ့တယ် သူ ရှင်နဲ့ ခြေလှမ်း ၁၀ လှမ်းအတွင်းမှာပဲ နေရလိမ့်မယ် ရှင်တို့နှစ်ယောက် အမြဲအတူရှိတော့မှာ ရှင်တို့အသက်တွေကို အတူတူတွဲပေးထားတယ် ရင်းရွှဲကျုံးက ရှင့်ရဲ့နာကျင်မှုတွေ ပျော်ရွှင်မှု ဝမ်းနည်းမှု အားလုံး အတူတူမျှဝေခံစားရမှာဖြစ်တယ်”】


【 “ရှင်တို့နှစ်ယောက်ထဲက တစ်ယောက်သေတာနဲ့ ကျန်တစ်ယောက်ပါ လိုက်သေမှာဖြစ်တယ်”】


【 “အခုကစပြီး သူသတ်မှာကို စိတ်မပူနဲ့တော့ ရှင်ကြိုက်သလောက်သာ သူနဲ့အပြန်အလှန်အကျိုးပြုပေတော့” 】


ကျီရန် , “…”
သူနဲ့အပြန်အလှန်အကျိုးပြုရအောင်…..ဆဲမိတော့မယ်


အခုချိန်မှာတော့ သူမ ချမ်းတယ် ဗိုက်ဆာတယ် ပြီးတော့ နေမကောင်းဖြစ်နေတယ်။ အဲဒီ system သာ အရည်အချင်းရှိတယ်ဆိုရင် သူမကို စွမ်းအားတစ်ခုခုဖန်တီးပေးသင့်တယ်မဟုတ်ဘူးလား…..တခြားဝတ္ထုတွေထဲမှာဆိုရင် ဝိဉာဉ်ကူးပြောင်းသွားတဲ့သူတွေမှာ အထူးအရည်အချင်းတွေရှိနေတာလေ


【 “တောင်းပန်ပါတယ်ရှင်…ဒါက အဲဒီလိုဝတ္ထုမျိုးမဟုတ်လို့ပါ ဒါကြောင့် ရှင့်ကို ဘာစွမ်းအား ဘာအရည်အချင်းမှကို မပေးနိုင်ပါဘူး”】


ကျီရန် “နင့်မေဂျီးဒေါ်ကြီး…ပါးစပ်ပိတ်လိုက်တော့”


သူမပြောလိုက်တဲ့အသံကိုကြားတော့ ရင်းရွှဲကျုံးက သူမဘက်ကိုလှည့်ကြည့်လိုက်တယ်။ ပြီးတော့ သူမကို လည်ပင်းထညှစ်ပြန်တယ်။

သူမအသက်ရှုမဝတော့ဘူး။ ကျီရန်က အားတင်းပြီး သူ့လက်ကို ဖယ်လိုက်တယ်။ ဒါပေမဲ့ သူမအပြုအမူက သူ့ကို ပိုဒေါသထွက်သွားစေတယ်။ ရင်းရွှဲကျုံးက သူမလည်ပင်းကို အားနဲ့ညှစ်ထားလိုက်တယ်။


အကိုကြီးရေ….အဲဒီလို မလုပ်ပါနဲ့….ရှင်လည်း နာကျင်ရတာပဲမဟုတ်လား


ရှင့်ကိုယ်ရှင်သတ်သေဖို့လုပ်နေတာလား???


ကျီရန်က အဲဒီစကားတွေကို စိတ်ထဲကနေပဲ အော်နေမိတယ်။ ရင်းရွှဲကျုံးက မျက်လုံးကိုမှေးစင်းထားတယ်။ သူလည်း လည်ပင်းညှစ်ခံရသလို ခံစားနေရတာကိုး။ ဒါပေမဲ့ သူက နာကျင်မှုကို သည်းခံပြီး သူမကို အားပြင်းပြင်းနဲ့ ညှစ်ထားပြန်တယ်။ သူမကို သတ်ပစ်ချင်စိတ်က အရမ်းများနေပုံပဲ။


တော်တော်ရက်စက်တဲ့လူ…..

သူမကို သတ်ပစ်ဖို့အတွက် သူ့အသက်တောင် သူမငဲ့တော့ဘူး။

ကျီရန် သတိလစ်တော့မလိုဖြစ်တော့မှ လွှတ်ပေးလိုက်တော့တယ်။ ကျီရန်က ကြိုးပြတ်သွားတဲ့စွန်လိုပဲ မြေကြီးပေါ် လဲကျသွားတော့တယ်. သူမရဲ့ဆံပင်ရှည်ရှည်လေးတွေက ရှုပ်ပွနေတယ်။ မျက်ရည်တွေလည်း ဆက်တိုက်ကျနေတယ်။


လုံးဝအဆင်မပြေဘူး…..

ရင်းရွှဲကျုံးက ဒေါသအရမ်းကြီးတယ်။ သူနဲ့သာ တစ်သက်လုံး အတူတူနေသွားရမယ်ဆိုရင် သူဒေါသထွက်တိုင်း သူမကို လည်ပင်းညှစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ

သူမစိတ်ထဲကနေ အဲဒီ system ကို အကြိမ်ပေါင်းများစွာကျိန်ဆဲနေလိုက်တယ်။ ရင်းရွှဲကျုံးက သူမနားကို ဖြေးဖြေးချင်းကပ်လာတယ်။ ကျီရန်က ရုတ်တရက် သူ့အဝတ်အစားကို ဆွဲလိုက်တယ်။

“ရှင် ကျွန်မကို သတ်လို့မရဘူး” ဘာပဲဖြစ်ဖြစ် သူ အသက်ရှင်နေသရွေ့ သူမလည်းသေမှာမဟုတ်ဘူး။ ကျီရန်က စိတ်အေးအေးထားလိုက်ပြီး “ရှင် ကျွန်မကိုသတ်ရင် ရှင်လည်းသေလိမ့်မယ် အခု ကျွန်မ နာကျင်နေတယ် ဗိုက်ဆာတယ် ခေါင်းမူးတယ် ရှင်လည်း အဲဒီလိုခံစားနေရတယ်မလား”

ရင်းရွှဲကျုံးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး  ဘာမှပြန်မပြောဘူး။


ကျီရန်က ရင်းရွှဲကျုံးရဲ့အရှိုက်ကို ထိအောင်ပြောလိုက်တယ်။

ရင်းရွှဲကျုံးက အသူရာချောက်ကနေ လွတ်မြောက်လာပြီး မကောင်းဆိုးဝါးအားလုံးရဲ့ဘုရင်ဖြစ်ခဲ့တယ်။ အားလုံးက သူ့ကို အရမ်းကြောက်ကြတယ်။ သူက အဲဒါကို အရမ်းဂုဏ်ယူပြီး စိတ်ကြီးဝင်နေတယ်။ အဲဒါကြောင့် လူသားတစ်ယောက်က သူ့ကို ထိန်းချုပ်နေမှာကို သူလုံးဝမလိုလားဘူး။
ပြီးတော့ သူမက ဘာစွမ်းအားမှမရှိဘဲ အားနည်းတဲ့ သာမန်မိန်းကလေးတစ်ယောက်ဖြစ်နေသေးတယ်။

ကျီရန်က သူမလည်ပင်းကို လက်နဲ့ကာထားတယ်။ သူမအသံတွေ တိမ်ဝင်နေပေမဲ့ သူမကဆက်ပြီး “အခုလိုဖြစ်နေတာကို ရှင်မကျေနပ်ဘူးဆိုတာသိပါတယ် ဒါပေမဲ့ ကျွန်မမှာလည်း ရွေးချယ်စရာမရှိဘူးလေ အခုဆို ကျွန်မက ရှင်နဲ့ လှေတစ်စီးတည်းတူတူစီးနေရတာ ဒီကိစ္စကို ကျွန်မလည်း ပြုပြင်ပေးလို့မရဘူး ရှင်က မကောင်းဆိုးဝါးဘုရင်တစ်ပါး….အဲဒါကို ကျွန်မလို သာမန်မိန်းကလေးတစ်ယောက်ကို သတ်ဖို့ ရှင့်အသက်ပါစတေးရတယ်ဆိုတာ မတန်ဘူးလေ ရှင့်မှာ ကလဲ့စားချေရမယ့်ကိစ္စလည်းရှိသေးတယ်မလား”

သူမ ချက်ကျလက်ကျပြောလိုက်တယ်။

သူမက ဒီဆက်နွယ်မှုနဲ့ပက်သက်ပြီး ဘာမှမလုပ်ထားဘူးဆိုတာ သူ့ကို ပြောပြထားရုံသာမက သူမက ဘာစွမ်းအားမှမရှိတဲ့သာမန်မိန်းကလေးတစ်ယောက်ဆိုတာကိုပါ ရှင်းအောင်ပြောထားလိုက်တယ်။ သူ့ရဲ့စိတ်ကြီးဝင်တတ်တဲ့စိတ်နဲ့ ကလဲ့စားချေချင်တဲ့စိတ်ကိုပါ ထည့်ပြောလိုက်တယ်။ သူကလဲ့စားမချေရသေးခင် သူသေချင်သေးမှာမဟုတ်ဘူး။ ပြီးတော့ သူမကိုသတ်ပြီး သေဖို့ဆိုတာလည်း မတန်ဘူးလေ။

ရင်းရွှဲကျုံးက ဘာစကားမှမပြောဘူး။

ဒါပေမဲ့ ကျီရန် စိတ်သက်သာရာမရခင်မှာပဲ သူက သူမရှေ့မှာ ရုတ်တရက် ဆောင့်ကြောင့်ထိုင်လိုက်တယ်။ သူ့ရဲ့လက်သည်းမည်းမည်းရှည်ရှည်တွေက သူမမျက်နှာကို  ဆွဲလှည့်လိုက်တယ်။


“မင်းပြောတာနဲ့ပဲ ငါက မင်းကို အသက်ရှင်ခွင့်ပေးမယ်ထင်နေတာလား” သူက ထူးဆန်းစွာပြုံးလိုက်ပြီး “ဒါမှမဟုတ် ငါက ငါ့အသက်ကို အရမ်းတန်ဖိုးထားတယ်လို့ ထင်နေတာလား”
ကျီရန် , “?”

ဟမ်…..ကိုယ့်အသက်ကို တန်ဖိုးမထားဘူးလား????


ကျီရန်က မျက်လုံးအဝိုင်းသားနဲ့ သူ့ကို စိုက်ကြည့်နေတယ်။ ရင်းရွှဲကျုံးက သူမကို ထပ်ပြီး ကောက်ချီလိုက်ပြန်တယ်။

ဒီတစ်ခါမှာတော့ သူမရဲ့အကျကော်လံကို သူ့လက်နဲ့ဆွဲမလိုက်တာဖြစ်တယ်။ သူကြည့်ရတာ သူမကို အရမ်းရွံရှာမုန်းတီးနေပုံပဲ။

“ဒါပေမဲ့လည်း….ဘာစွမ်းအားမှမရှိတဲ့သာမန်လူတစ်ယောက်ကြောင့်တော့ ငါမသေချင်သေးဘူး”


“မင်းကြိုးဆွဲရာကမယ်လို့များထင်နေတာလား….ကိုယ့်ကိုကိုယ်အထင်ကြီးလှချည်လား”

“ငါက မင်းကို မကောင်းဆိုးဝါးလောကကို ခေါ်သွားပြီး ဖြည်းဖြည်းချင်းနှိပ်စက်ပြမယ် မင်းကို သတ်ဖို့နည်းလမ်းရှိကိုရှိတယ်”


သူက ကောင်းကင်ပေါ်ကနေ ပျံသန်းသွားပြီး လင်းရှောင်မြို့ပေါ်က အတားအဆီးအကာအရံကို ကျီရန်နဲ့အတူ ဖြတ်ကျော်လိုက်တယ်။

Zawgyi

ဗီလိန်ရဲ့ဆွဲသီးလေးWhere stories live. Discover now