ပြက္ခဒိန်စာရွက်များဟာ တစ်ရွက်ပြီးတစ်ရွက် ကုန်လွန်သွားသလို ကျန်းဟာအိုနှင့်အတူရှိရမည့် ဆောင်းဟန်ဘင်း၏ အချိန်များမှာလည်း နည်းပါးလာခဲ့သည်။
ယခုဆိုလျှင် စာသင်နှစ်၏ သုံးပုံနှစ်ပုံအား ကုန်ဆုံးခဲ့ရပြီးပြီ။
နောက်ဆုံးစာမေးပွဲတစ်ခုဟာ ကျန်တော့၍ မကြာခင်မှာပင် သူမရောက်ချင်သည့် အချိန်ကာလအား ရောက်ရှိလာတော့မည်ဖြစ်သည်။နွေပေါင်း သုံးနွေကို ကျန်းဟာအိုနှင့်အတူ ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကျန်းဟာအိုမရှိသော နွေရာသီအား ဘယ်လိုဘယ်ပုံဖြတ်သန်းမလဲ ဆိုတာပင် ဆောင်းဟန်ဘင်းမသိတော့ပါ။
ကျန်းဟာအိုဟာ သိပ်မကြာခင်တွင် သူများအမျိုးသားဖြစ်တော့မည့် ယောင်္ကျား၊
ဆောင်းဟန်ဘင်း ရင်နင့်အောင် ချစ်ရတဲ့ယောင်္ကျား၊ ပိုင်ဆိုင်ချင်တာတောင် ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ ယောင်္ကျား။
လက်တွေ့ဆန်ဆန်တွေးမိတော့ မျက်လုံးအိမ်ထဲက အရည်ကြည်တွေက ဝဲတက်လာရုံတင်မက လျှံပါကျတယ်။
ပါးပြင်တစ်လျှောက် ဖြတ်သန်းသွားတဲ့ မျက်ရည်တစ်စက်ဟာ ပေါင်ပေါ်တင်ထားတဲ့ note စာရွက်ပေါ် ပေါက်ခနဲ။ထို note စာရွက်ဟာ ကျန်းဟာအိုက သူ့ကိုစာကြည့်ရလွယ်အောင် ဆိုပြီး ပေးသွားခဲ့တာ။
ကျန်းဟာအိုကလား။ အခုသူ့နားမှာမရှိဘူး။
ပတ်ခ်ယောရွန်းတို့မိသားစုနှင့် ခရီးတစ်ခုထွက်သွားသည်လေ၊ဆောင်းဟန်ဘင်းကိုထားပြီး။စာမေးပွဲဖြေပြီးနောက် ပိတ်ရက်ရသဖြင့် ဖေဖေနှင့်မေမေကလည်း သူတို့နှင့်အတူ ခရီးကိုလိုက်ခဲ့ရန် ခေါ်သော်လည်း
ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိသည့် ဆောင်းဟန်ဘင်းကတော့ အိမ်မှာသာ တစ်ယောက်တည်းနေခဲ့တော့သည်။
စိတ်ပျက်လက်ပျက်ဖြင့် မှိုင်တွေနေသော သူ့ပုံစံကို ဖေဖေနှင့် မေမေရိပ်မိသွားနိုင်သော်လည်း မတတ်နိုင်။နေ့တိုင်းမျက်နှာလေးပြ၍ အကျင့်လုပ်ပြီးခါမှ ၂ရက်တောင်ခွဲရမယ်ဆိုသည့် အသိဟာ ဆောင်းဟန်ဘင်းကို စိတ်ဓာတ်ကျစေသည်။
အခုမှ ကျန်းဟာအိုကို မတွေ့ရတာ ၁၃နာရီပဲရှိသေးပင်မဲ့
ဘာကြောင့် ဒီလောက်အထိ အားပြက်သွားရသလဲဆိုတာ ကိုယ့်ကိုယ်ကိုပင် နားမလည်နိုင်တော့ပါ။