နေ့လည် နှစ်နာရီ၌ ပို့လာသည့် "ယောရွန်းတို့ တွေ့ကြရအောင်" ဟူသည့် မက်ဆေ့ကြောင့် ကျန်းဟာအို သက်ပြင်းချမိသည်။
ဟန်ဆောင်နေရခြင်းက ကျန်းဟာအိုအတွက် သိပ်ကိုခက်ခဲလှသည်။
သို့သော်လည်း အခုအချိန်မှတော့ မတတ်နိုင်တော့ပါလေ။
သူဟာ ပတ်ခ်ယောရွန်း၏ ချစ်သူ ဖြစ်နေပြီ။ခဏအကြာ၌ တွေ့မည့်နေရာ၏လိပ်စာ ပို့ပေးလာသည်မို့ ချက်ချင်းပဲ ထွက်လာခဲ့လိုက်သည်။ စိတ်ထဲမှာတော့ ယောရွန်းနဲ့တွေ့ရင် ဘာအကြောင်းအရာပြောရမလဲဆိုတာ စဉ်းစားလျက်။
ကျန်းဟာအိုလာတော့ ဆိုင်ထဲ၌ထိုင်နေသည့် ယောရွန်းအား တန်းကာမြင်ရသည်။
Crop top နှင့် jeans ကို အပြာရောင်long coat နှင့် တွဲဖက်ဝတ်ဆင်ထားသည့် သူမက ကြည့်လိုက်ရုံနှင့် မျိုးရိုးမြင့်ကမွေးဖွားလာသူမှန်း သိနိုင်သည်။
ကျန်းဟာအိုကိုမြင်တော့ အနည်းငယ်ပြုံးပြကာ လက်ယက်၍ လှမ်းခေါ်သည်။"ကိုယ်နောက်ကျသွားတာလား။ မြန်မြန်လာပင်မဲ့ လမ်းမှာကားကြပ်နေလို့"
"ဟင့်အင်း နောက်မကျပါဘူး။ ယောရွန်းလည်း ခုနလေးကမှရောက်တာ"
"အင်း အဲ့ဒါဆိုရင်တော့ တော်သေးတာပေါ့"
"ယောရွန်းကိုယ့်ကိုတွေ့ချင်တယ်ဆိုတာက ပြောစရာတစ်ခုခုရှိလို့လား"
"ပြောစရာရှိလို့လည်း ဟုတ်တယ်၊ တွေ့ချင်လို့လည်း ဟုတ်တယ်"
"...."
"ကိုကိုက အမြဲမအားလို့ ယောရွန်းနဲ့တစ်ခါတစ်လေမှပဲ တွေ့ဖြစ်တာလေ။ မိန်းကလေးဖြစ်တဲ့ ယောရွန်းကကျ ကိုကို့လောက်အထိ ဘယ်နေနိုင်မလဲ"
ငြူစူစူပြောလာသည့် သူမ၏စကားကို ကျန်းဟာအိုဘယ်လိုတုံ့ပြန်ရမလဲ မသိပါ။ သူမပြောသည့် စကားတွင်လည်း သဘာဝမကျတာမျိုး မပါတာကြောင့် ကျန်းဟာအိုမှာ သူ့လုပ်ရပ်တွေအား သူပြန်သုံးသပ်မိသည်။
တကယ်ဆိုရင် ဆောင်းဟန်ဘင်းထက် ရည်းစားဖြစ်သူ ယောရွန်းကိုသာ ကျန်းဟာအိုက သူ့အချိန်များကို ပိုပေးသင့်သည်။
ဆောင်းဟန်ဘင်းနှင့် ကော်ဖီဆိုင်ထိုင်သည့် အချိန်များထက် ယောရွန်းနှင့် တွေ့ဆုံသည့်အချိန်က ပိုများသင့်သည်။
ဆောင်းအိမ်တော်ကို သွားသည့်အချိန်များ၌ ပေါ့ပါးနေသည့် စိတ်များသည် ပတ်ခ်အိမ်တော်ကို သွားချိန်၌လည်း မပြောင်းမလဲပေါ့ပါးနေသင့်သည်။
ဆရာက တပည့်အိမ်သွားသည့်အချိန်ထက် သမတ်က ယောက္ခမဆီသွားတဲ့အချိန်ဟာ ပိုများနေသင့်သည်။
ဆောင်းဟန်ဘင်းကို စာအရင်စပို့သလိုမျိုး ယောရွန်းကိုလည်း စာပို့သင့်သည်။