လွန်ခဲ့သော ၂နှစ်၊ ကျောင်းပွဲတော်ရက်မတိုင်မီ ၁ရက်အလို။
အလုပ်ကိစ္စကြောင့် ဆောင်းဟန်ဘင်းတို့ကျောင်းဆီ ထပ်လာရပြန်သည့် ကျန်းဟာအို။ မေးခွန်းထုတ်ခြင်းအား ကူညီပေးရသည့် သူဖြစ်တာမို့ ကျန်းဟာအိုက တစ်လမှာ သုံးခါနှင့်အထက် ထိုကျောင်းသို့လာရမြဲဖြစ်သည်။
ဒီနေ့က ကျောင်းပွဲတော်ရက်မတိုင်ခင် တစ်ရက်အလိုဖြစ်သည်။
ထို့ကြောင့် ကျောင်းဝန်းထဲတွင် ဈေးဆိုင်ခင်းများ အလှဆင်ထားသည့် ပန်းများ၊ အရုပ်များက နေရာအနှံ့တွင် ရှိနေသည်။အလုပ်ကိစ္စဆွေးနွေးပြီးနောက် ကျန်းဟာအိုအိမ်ကို တန်းပြန်ဖို့သာဆုံးဖြတ်ခဲ့သည်။ ကျောင်းကိုလှည့်ပတ်ကြည့်ဖို့ အတွေးဟူ၍မရှိ။
မနက်ဖြန်ပွဲတော်ရက်ကိုလည်း ကျောင်းအုပ်ကလာခဲ့ဖို့ အတင်းခေါ်တာကြောင့် ခဏဖြစ်ဖြစ်သူလာရဦးမှာလေ။လက်ဆွဲအိတ်အားကိုင်ကာ ကျောင်းပြင်သို့ထွက်ရန် လျှောက်လှမ်းနေသည့် ခြေလှမ်းများက သစ်ပင်များနှင့်ကွယ်နေသော တစ်နေရာအရောက်တွင် ရပ်တန့်သွားခဲ့သည်။
"...ဟာအိုကိုအကူအညီ တောင်းရဦးမယ်"
နားထဲ၌ ရုတ်တရက်ကြားလိုက်ရသည့် ဟန်ဘင်း၏ စကားသံ။
ဆောင်းဟန်ဘင်းက သူ့ကိုဘာအကူအညီတောင်းမှာလဲ။"မင်းတကယ်ချစ်သွားတာလား ဟန်ဘင်း"
"အင်း ငါသူ့ကိုတကယ်ချစ်သွားတာ။ သူ့ကိုမြင်ရင် အလိုလိုရင်တွေခုန်လာပြီး ငါတောင်သတိမထားမိဘဲ ပြုံးရယ်မိနေတော့တာ"
"ဒါဆိုလည်းဖွင့်ပြောပေါ့ကွာ၊ မကြာခင် အထက်တန်းပြီးတော့မှာ။ အဲ့ကျမှ မင်းမဖွင့်ပြောလိုက်ရလို့ ဆိုပြီး နောင်တရနေမယ်"
"ငါသိပါတယ် အဲ့ဒါကြောင့် မနက်ဖြန်ကျရင် သူ့ကိုဖွင့်ပြောတော့မလို့"
စကားဝိုင်းရဲ့ ပထမဆုံးစကားစကို မကြားမိပင်မဲ့ ဒီလောက်ဆို ကျန်းဟာအို သဘောပေါက်ပါပြီ။
ယောရွန်းကို သူဖွင့်ပြောမယ့်ကိစ္စအား ကျန်းဟာအိုကကူညီပေးရမယ်ပေါ့လေ။
ဆောင်းဟန်ဘင်းက တကယ်မုန်းပစ်ချင်စရာ ကောင်းတယ်။
သူ့ကိုချစ်မိအောင်လုပ်ခဲ့ပြီး သူကတော့ တစ်ခြားတစ်ယောက်ကိုဖွင့်ပြောမယ်တဲ့လား။
ကျန်းဟာအိုကို အကူအညီတောင် တောင်းဦးမလို့ တဲ့။