Part 5

5.5K 283 7
                                    

Unicode

ခြံထဲက ဒန်းလေးပေါ်မှာထိုင်ရင်း ခြေထောက်နား လာကပ်တဲ့ Sammy ကို ငဲ့ကြည့်ရုံပဲကြည့်ကာ လက်ထဲကဖုန်းကိုပဲ ပြန်ကြည့်နေလိုက်သည်။ Sammy ကိုတောင် လိုတာထက်ပိုပြီး အရောမ၀င်မိ။ သံယောဇဉ် မဖြစ်မိအောင်လည်း နေသည်။ ကျွန်တော် ဘယ်အရာကိုမှ မခင်တွယ်ချင်ပါ။

"ငါ ရောက်တော့မယ်"

Viber ကနေ ၀င်လာတဲ့ စာကြောင့် ကျွန်တော်ပြုံးမိသည်။ ဖုန်းပြောနေကြရင်း ရုတ်တရက် "ငါ မင်းဆီ ခနလာခဲ့မယ်" ဆိုတဲ့ ညီသုတအောင်ကြောင့် ခြံထဲ ထွက်စောင့်နေတာ ဖြစ်သည်။ အခုလည်း လာနေတဲ့ လမ်းကနေ စာထပ်ပို့နေသေးတာမို့ စက်ဘီးနဲ့လာတာတော့မဖြစ်နိုင်ပါ။ ကျွန်တော် ဘာမှပြန်မပို့ဘဲ ခြံရှေ့နားကိုပဲ လှမ်းကြည့်ရင်း ဆက်စောင့်နေလိုက်သည်။

ငါးမိနစ်လောက်နေတော့ ညီသုတအောင် ရောက်လာပြီး ကျွန်တော့်ဘေးမှာ၀င်ထိုင်သည်။

"ကားနဲ့လာတာလား"

"အင်း .. ငါ စက်ဘီးမနင်းချင်လို့၊ ကားလည်းမမောင်းချင်တာနဲ့ အိမ်ကကားနဲ့ပဲ ပို့ခိုင်းလိုက်တာ"

ဒန်းပေါ်မှာ ကျောမှီချထားရင်း ထိုင်နေတဲ့ ညီသုတအောင်ပုံစံက စိတ်ပျက်လက်ပျက်။ တီရှပ်နဲ့ ဘောင်းဘီတိုကိုပဲ၀တ်ထားပြီး ဆံပင် ခပ်အုပ်အုပ်က အနည်းငယ်ရှုပ်ပွနေသည်။

"မင်း ဘာဖြစ်နေတာလဲ၊ နေမကောင်းဘူးလား"

"အေး .. ဟုတ်တယ်၊ နေမကောင်းတာတော့မဟုတ်ဘူး၊ နေလို့မကောင်းတာ"

ဘာဖြစ်လို့လဲ ဆိုတဲ့ပုံစံနဲ့ ကျွန်တော်ထပ်ကြည့်မိတော့ ...

"ငါ ကိုယ့်ကိုကိုယ်အထင်ကြီးတာ များသွားလားမသိဘူး"

စိတ်ပျက်လက်ပျက်နဲ့ ခပ်ဟဟရီပြီးပြောတဲ့ ပုံစံက ညီသုတအောင်နဲ့ လိုက်ဖက်မနေပါ။ အရောင်တောက်တောက်မျက်လုံးတွေထဲမှာ စိတ်ရှုပ်မှုတွေပါ မြင်နေရသည်။

"မင်း .. အင်တာဗျူး .."

ညီသုတအောင်က ခေါင်းပဲညိတ်ပြသည်။ Scholarship အတွက်  2nd interview မပါခဲ့ဘူးပေါ့။ ညီသုတအောင် ဘယ်လောက်နှမျောနေမလဲဆိုတာကို ကျွန်တော်တွေးကြည့်လို့ရပါသည်။ အရမ်းကိုပျော်တတ်၊ ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူ ဆိုပေမဲ့ သူကြိုးစားနေတဲ့အရာတွေအပေါ်မှာတော့ တကယ်ကို အလေးအနက်ထားကာ တန်ဖိုးထားတတ်တဲ့သူမျိုးဖြစ်သည်။

Love & HurtWhere stories live. Discover now