Part 23

2.8K 173 18
                                    

Unicode

သင်တန်းကဆရာနဲ့ ဖုန်းပြောရင်း လက်ကလည်း စာရွက်ပေါ် ရေးမှတ်နေရသေးသည်။ ဆရာက ခရီးသွားတာမို့ သင်တန်းတစ်ပတ်နားထားပေးပေမယ့် ညီသုတ နားလို့မရ။ ကျောင်းလျှောက်မဲ့ကိစ္စက အရွေးမှားမှာရော၊ တစ်ခုခုလွဲမှာစိုးတာကြောင့်ရော ရှေ့က စီနီယာတွေအပြင် ဆရာ့ဆီကပါ အကူအညီ ယူနေရတာ ဖြစ်သည်။

ဖုန်းပြောပြီးမှ Note စာအုပ်နဲ့ဘောပင်ကို သိမ်းကာ အတူလာတဲ့ကောင်းဆက်ကို အားနာသွားသည်။ ကော်ဖီဆိုင် လာထိုင်ကြပေမယ့် စကားလည်း အေးအေးဆေးဆေး မပြောရဘဲ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာမို့။

"မင်း အလကားသက်သက် လိုက်ထိုင်‌ပေးရသလို ဖြစ်နေပြီ"

"ရပါတယ် .. လုပ်စရာရှိတာ အေးဆေးလုပ်"

ညီသုတ ပင်ပန်းနေမှန်းသိတဲ့ ကောင်းဆက်က အခုနောက်ပိုင်းတော့ ဘယ်ကိုခေါ်ခေါ် အရင်လို ခနခနမငြင်းဘဲ အတူလိုက်ပေးသည်။ ဘာကိစ္စမှ မရှိလည်း ဒီအတိုင်းပဲ ကောင်းဆက်နဲ့အတူရှိချင်တာကြောင့် ဘယ်သွားသွား ဘေးမှာ အမြဲခေါ်ထားမိနေတာ ဖြစ်သည်။

"ဟယ် .. ညီသုတ"

မိန်းကလေးရှုံးလောက်တဲ့  make up အပြင်အဆင်နဲ့ အသော်က ထုံးစံအတိုင်း ညီသုတကို မြင်တာနဲ့ အသံပြဲနဲ့အော်ခေါ်ကာ အနားရောက်လာသည်။

"ဟာ .. အသော် တစ်ယောက်တည်းလား"

"အမလေး .. တစ်ယောက်တည်းမဟုတ်ဘူး၊ အိမ့်မြတ်မ ဒုက္ခပေးလို့ ခြေလည်းညောင်း ဗိုက်လည်းဆာပြီး ဒီရောက်လာတာပဲ၊ အနောက်မှာ ပါတယ်"

အိမ့်မြတ်က ညီသုတတို့ဆီ လက်လှမ်းပြရင်း လျှောက်လာသည်။

"အသော်နော် .. သွားတိုင်နေတယ်ပေါ့၊ ငါက ကြောက်မယ်ထင်လို့လား နင့်ညီသုတကို"

"သူ ဒေါသထွက်ရင်တော့ ကြောက်တယ်မလား၊ မှတ်မိပါသေးတယ် မူးနေတာတောင် မျက်နှာငယ်လေးနဲ့"

"ဖြစ်ရတယ်"

တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုနေတဲ့ နှစ်ယောက်ကြောင့် ကောင်းဆက်ကို လှမ်းကြည့်တော့ "ဘာမှမဖြစ်ပါဘူး" ဆိုတဲ့ ပုံစံနဲ့ ပြုံးပြသည်။

Love & HurtWhere stories live. Discover now