Chapter - 057

1.9K 201 12
                                    

>>Unicode<<

Chapter ~ 057 [အမည်]

ရေချိုးခန်းတံခါးသည် ကလစ်ဟူသည့် အသံတစ်ချက်နှင့်အတူ စေ့ပိတ်သွားခဲ့သည်။ များမကြာမီ အင်္ကျီချွတ်သံများနှင့် ရေကျသံများ ထွက်ပေါ်လာလေသည်။

ကျန်းထျန်းသည် အညိုဖျော့ရောင် တရုတ်ကပ်တံခါးကို ကြည့်နေခဲ့သည်။  တံခါးအောက်ခြေရှိ အကွက်များကြားမှ အရောင်ခပ်ဖျော့ဖျော့ အပူငွေ့များ ထွက်နေပြီး တံခါးရှေ့တွင် အကွက်လိုက် ရေငွေ့ရိုက်နေသည်။

သူ၏ ရှည်သွယ်သွယ်မျက်ဝန်းများ ဖျတ်ခနဲခတ်သွားပြီး တံခါးဆီမှ အကြည့်လွှဲလိုက်သည်။ သူ ရှစ်ယွဲ့ကို မေးလိုက်၏။ "သူ ဘာဖြစ်သွားတာလဲ?"

"ဘာဖြစ်သွားတာလဲဆိုတာ ဘာကိုပြောတာလဲ?" ရှစ်ယွဲ့သည် မသိချင်ယောင်ဆောင်နေ၏။ ကျန်းထျန်းဘက်က သူ့ကို စကားစပြောသည်မှာ ရှားသောကြောင့် ထိုသို့ပြောခြင်းသည် သူ့ကို အမှန်တကယ် ​စိုးထိတ်စေသည်။ သူ့ခမျာ လက်ပူးလက်ကြပ် မိသွားခြင်းကြောင့် လိပ်ပြာမလုံမှုကို ခံစားနေရသည်။

ကျန်းထျန်းသည် အခန်းထဲသို့ ဝင်လာခဲ့ပြီး လွယ်အိတ်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူ့အိတ်ဘေးတွင် ရှန့်ဝမ့်အိတ်ရှိနေပြီး ဇစ်တောင် မဖွင့်ထားရသေးပေ။ သူသည် ပြန်ရောက်ကတည်းက အိတ်ကိုမထိရသေးသကဲ့သို့ အိတ်ထဲမှ ဘာဆိုဘာမှ မထုတ်ထားခဲ့ချေ။

သူသည် ပြန်ရောက်စက အခန်းထဲတွင် မှောင်မည်းနေသည်ကို သတိရသွားခဲ့ပြီး ရှစ်ယွဲ့ကို အမေးသဘောပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းတို့နှစ်ယောက် ဘာလုပ်နေခဲ့တာလဲ?"

ရှစ်ယွဲ့သည် laptop ကို သူ့ခေါင်းအုံးအောက်သို့ ထိုးထည့်နေခဲ့သည်။ ထိုစကားကို ကြားသောအခါ သူ့လက်တွေတုန်သွားပြီး laptop တောင် ကြမ်းပေါ်သို့ ပြုတ်ကျမတတ် ဖြစ်သွားခဲ့သည်။

သူသည် ကျန်းထျန်းကို မရယ်ချင့်ရယ်ချင်ဖြင့် ရယ်ပြလိုက်ပြီး ဖြေရှင်းရခက်သည့် ကိစ္စများကိုရှောင်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "တကယ်တော့ မင်းပြန်ရောက်မလာခင်က ငါတို့တွေ သရဲကားကြည့်နေတာ၊ ငါက အဲ့လိုကားမျိုးတွေ ကြည့်ခဲတယ်၊ ဖြစ်ချင်တော့ ရှန့်ဝမ့်က ပြန်ရောက်လာတယ်လေ၊ အဲ့ဒါနဲ့ ငါလည်း သူ့ကိုပါ အတူကြည့်ဖို့ ဆွဲထားလိုက်တော့တာ၊ ငါ သတ္တိရှိလာအောင်လို့ပါ"

The Only One / mou mou / 某某 (MYANMAR TRANSLATION) Where stories live. Discover now