နွေအစရဲ့ ဒီကနေ့ညနေခင်းဟာ သိပ်ကို ပျင်းစရာကောင်းနေခဲ့တာပါပဲ...။နွေလေနွေးနွေးကြားမှာ နေရာအနှံ့ပြေးလွှားနေတဲ့ အိုလီဗီယာရဲ့ အသဲကွဲသီချင်းအချို့ဟာ မောင်မရှိတော့ ပိုပြီးဆွေးရတယ်ထင်မိပါရဲ့။
ဟိုးအဝေး မလှမ်းမကမ်းကနေ ဥဩတစ်ကောင် ချွဲချွဲပျစ်ပျစ် တွန်နေသံက သိပ်ကိုရူးချင်စရာကောင်းတာပဲ။
တစ်ချက်တစ်ချက် သားသည်အမေရဲ့သားပျောက်ခေါ်သံက လေနှင့်အတူ လွင့်၍လွင့်၍ လာသေးရဲ့။
"နွေကိုတော့ သိပ်မုန်းတာပဲ"လို့ မျက်ခုံးများကိုတွန့်ကွေးပြီး အလိုမကျစွာ ညည်းညူလိုက်တဲ့အခါတိုင်း မောင်ကတော့ "ကလေးဆန်လိုက်တာကွယ်"လို့ပြန်ပြောပြီး နှုတ်ခမ်းတွေ ကွေးညွှတ်တဲ့အထိ ရယ်နေအုန်းမလားပဲ။
အထူးသဖြင့် အခုလို မောင်မရှိတဲ့ ဝန်းကျင်တစ်ခုမှာဆို နွေဟာ ပိုရုပ်ဆိုးပြီးအကျည်းတန်လှတယ်။
"ကျွန်တော်ကတော့ နွေရာသီကို သဘောကျတယ်"လို့ မောင်ပြောခဲ့တုန်းက မျက်မှောင်ကျုံ့ပြီးကြည့်နေခဲ့တဲ့သူက ကျွန်မပေါ့။
"နွေကို ခင့်ထက် ပိုသဘောကျတာလား"လို့ ကျွန်မပြန်မေးတော့ မဖြေဘဲ ကျွန်မကို စိုက်ကြည့်နေခဲ့တယ်လေ။ပြီးမှ "နွေကိုတော့သဘောကျပါတယ်။ခင်ဗျားကိုလည်း သဘောကျတာပဲ၊။ခင်ဗျားကိုတော့နည်းနည်းပိုတာပေါ့"လို့ မျက်လုံးများကို စိုက်ကြည့်ရင်း ဖြေခဲ့တဲ့လူက မောင်ပေါ့။ကျွန်မ အတွက် မောင်က အရာရာပါပဲ။မောင်ရှိတဲ့ ရပ်ဝန်းဟာ အမေဇုန်ဖြစ်ပြီး မောင်မရှိတဲ့ ရပ်ဝန်းဟာ ဆာဟာရဖြစ်လာတာပါပဲ။
YOU ARE READING
မောင်သို့.....
Poetry"ကျွန်ုပ်သည် အသက်ရှင်နေသမျှ ကာလပတ်လုံး မောင့်အား လွမ်းနေရင်းဖြင့်သာ နေထိုင်သွားရပေတော့မည်"