အသွေးထဲအသားထဲကနေ တစက်စက်နဲ့ နာကျင် နေရတဲ့ ခံစားမှုကို မောင်သိလား။ရူးမသွားမိဖို့အတွက် မြတ်ဘုရားထံတော်ပါးမှာ အကြိမ်ကြိမ်အခါခါ နားပူနားဆာတိုက်နေမိရင်းလေ။
နှလုံးသည်းဆိုင်တစ်ခုလုံးကို ဆွဲထုတ်ခံလိုက်ရသလိုမျိုး။သွေးကြောတွေကို တစ်မျှင်ချင်း ခွာထုတ်ခံနေရသလိုမျိုး။
ခပ်ကြောင်ကြောင်မျက်လုံးတစ်စုံဟာလည်း အရောင်တွေမဲ့လို့ပေါ့။ဒီအချိန်၊ဒီနေရာနဲ့ဒီကာလကြီးကို ဘဝထဲကနေဖယ်ရှားချင်လာတယ်။ကျွန်မ အသက်ရှုနေသေးတယ်ဆိုတာကို မေ့ချင်လာတယ်။ကျွန်မရဲ့နှလုံးခုန်သံကို ကျွန်မ နားမထောင်ရဲတော့တဲ့အခါ အရာအားလုံးဟာ လေပွေမုန်းတိုင်းနဲ့အတူပါသွားပါရစေလို့ တောင်သမုဒ်အရှင်ကို အားကိုးတကြီးနဲ့တ,ရင်းနဲ့ပေါ့ မောင်ရယ်....
ဒီဘဝရဲ့ ကံတရားက ဒီလောက်နဲ့ပဲ နိဂုံးကပါတ်အဆုံးသတ်ခဲ့ပြီမို့ ကျွန်မအချစ်တွေကို မောင်သိပ်ချစ်တဲ့နွေဦးအဖြစ် ပြောင်းလဲ ပေးလိုက်ပါတယ်။မောင်တစ်ယောက် ပျော်ပါစေကွယ်။
မြေပြန့်မှာကံ့ကော်တွေပွင့်ကြတဲ့အခါ၊တောင်တန်းပြာပြာတွေပေါ်မှာ အင်ကြင်းပန်းတွေဝေတဲ့အခါဆောင်းကိုပဲမက်မက်မောမော ဖက်တွယ်ထားချင်နေတဲ့ ဖက်ခါးပန်းလေးကိုတော့ မငြိုငြင်လိုက်ပါနဲ့မောင်ရဲ့။
မောင်နဲ့ပတ်သက်လာရင် ကျွန်မဟာ အရာရာမှာရှုံးနိမ့်နေခဲ့ပေမယ့်လည်း ကျွန်မနောက်ဆုံးအချိန်ထိ ဖက်တွယ်ထားချင်နေမိသလိုပေါ့။သဘာဝတရားကြီးကတော့ "သိပ်ပျော့ညံ့မိန်းကလေးရယ်လို့"စုတ်တသပ်သပ်နဲ့ အပြစ်ဆို နေလေရဲ့။
အရူးတစ်ယောက်လိုမျိုး အော်ဟစ်ငိုယိုပစ်ချင်တဲ့စိတ်ကိုအခါပေါင်းများစွာမြှိုချရင်း မဟာပထဝီမြေကြီးကို တိုင်တည်ပြီး ကျွန်မတောင်းဆုပြုမိခဲ့တာက "ကျွန်မ မောင့်ကို မေ့သွားပါရစေ"။ ။
နှင်းအံဒေါင်း
YOU ARE READING
မောင်သို့.....
Poetry"ကျွန်ုပ်သည် အသက်ရှင်နေသမျှ ကာလပတ်လုံး မောင့်အား လွမ်းနေရင်းဖြင့်သာ နေထိုင်သွားရပေတော့မည်"