အတိတ်ဟောင်းပုံပြင် (၁)

587 20 4
                                    


လသည် ထိန်ထိန်သာလျက်ရှိသည်။ လပြည့်ရက်ဖြစ်သောကြောင့် လရောင်ဖြင့်ပင် ဝန်းကျင်တစ်ခုလုံး လင်းထိန်နေသည်။ အချိန်ကား နံနက် အရုဏ်မတက်မီ ၊ လရောင်မပျောက်မီ ၊ နေဝန်းမပေါ်ထွက်လာမီ။ ထိုအချိန်သည် သာမာန်နေ့ရက်များတွင်မူ အိပ်စက်အနားယူချိန်သာ ရှိသေးသော်လည်း အလယ်ပိုင်းလွင်ပြင်သို့ သွားကြမည့် နေ့ဖြစ်သည့် အတွက် လူအားလုံးသည် အိပ်ရာမှ ထကာ ပြင်ဆင်နေကြသည်။ အလယ်ပိုင်းလွင်ပြင်ဒေသသည် ဂန္ဓိက တိုင်း ၊ မြစိမ်းလွင်ပြင်၊ ဂန္ဓာရ တောင်တန်းနှင့် အဏ္ဏဝါကျွန်းဆွယ် တို့ ၏ အလယ်ဗဟိုတွင်ရှိကာ လပြည့် လကွယ် နေ့တိုင်း ကုန်ပစ္စည်းများ ရောင်းဝယ်ဖလှယ်ကြသော နေရာလည်းဖြစ်သည်။ ထိုနေ့တွင် ထိုဒေသများရှိ ကုန်သည်တို့သည် အလယ်ပိုင်းဒေသသို့ သွားကာ ဒေသထွက် ပစ္စည်းများကို ရောင်းကြ ဝယ်ကြသည်။နံနက်ခင်း ပွဲဈေးတွင် လျှောက်လည်ကြရင်း ပျော်ပွဲရွှင်ပွဲ ဆင်နွှဲကြသည်။ထိုပွဲတော်သို့ မည်သူမဆို လာရောက်နိုင်သော်လည်း ကန့်သတ်ချက်တစ်ခုက ရှိနေသည်။ ထိုကန့်သတ်ချက်သည်ကား အသက် ၁၆ နှစ် ပြည့်ပြီးသော သူသည်သာ ပွဲတော်သို့လာရောက်ခွင့်ရှိသည်။ ၁၆ နှစ် မပြည့်လျှင် ထိုနေရာသို့ လာရောက်ခွင့်မရှိ ဟူ၍ပင်။

*****

မှန်ရှေ့တွင် ထိုင်နေသော ထိုမိန်းမပျိုသည် ဝါဝင်းသော အသားအရည်ရှိကာ နက်မှောင် ပျော့ပျောင်းသော ဆံနွယ်များရှိသည်။ ထိုဆံနွယ်တို့သည် ထူထဲ ညီသာကာ ဒူးနားအထိ ရှိနေသည်။ မျက်တောင်တို့က ရှည်လျားကာ ကော့ညွတ်လျက်ရှိသည်။ စင်းလျနေသော နှာတံနှင့်အတူ ငုံဖူးနေသော နှုတ်ခမ်းတို့က ငေးမောစရာကောင်းသည်။ နှုတ်ခမ်းပေါ်သို့ ဆေးနီအချို့ တင်လိုက်ပြီးသော အခါတွင် မိန်းမပျိုသည် ကျေနပ်သည့်ဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။

ထို့နောက် အကူမိန်းကလေး ပြင်ဆင်ပေးထားသော ရိုးရာဝတ်စုံကို ယူသည်။ အဏ္ဏဝါကျွန်းဆွယ် ၏ ရိုးရာဝတ်စုံသည် ပုလဲရတနာ ကို ကိုယ်စားပြုသော ဝတ်စုံဖြစ်သည်။ အဖြူရောင် အထည်ပေါ်တွင် ရွှေချည် ၊ ငွေချည်တို့ဖြင့်အလှဆင်ထားသည်။ ပထမဆုံးအနေဖြင့် ဖြူဖွေးစင်ကြယ်နေသော ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံတွင် အဆင်တန်ဆာဟူ၍ အနည်းငယ်မျှသာပါသည်။ ဝတ်စုံ၏ လည်ပင်းနေရာနှင့် လက်နေရာ တို့တွင် ရွှေရောင်ချည်ကြိုးများဖြင့်သာ အလှဆင်ထားသည်။ ထိုဝတ်စုံ၏ အပေါ်မှ ထပ်ကာဝတ်ဆင်ရသည့် ခြုံထည်ကိုမူ ပုလဲတို့ဖြင့် အလှဆင်ထားသည်။ ခြုံထည်၏ ပုခုံးနေရာ တစ်ဖက်တစ်ချက်စီတွင် ပုလဲလုံးများကို စီတန်းကာ အောက်သို့တွဲလျက်ကျနေသည့် အနေအထား မျိုးဖြစ်အောင် ပြင်ဆင်ထားသည်။ ထိုပုလဲလုံးတို့သည် ပုခုံးပေါ်မှ ခါးအထိ ကျနေကာ လမ်းလျှောက်လျှင် ဘယ်ညာ လှုပ်ယမ်းလျက်ရှိသည်။ အမျိုးသမီးသည် ရွှေချည်၊ ငွေချည် တို့အပြင် ပုလဲများဖြင့် တန်ဆာဆင်ထားသော ရိုးရာဝတ်စုံ ကို ဝတ်ဆင်ပြီးသောအခါ အဏ္ဏဝါကျွန်းဆွယ် မှ လူမျိုးစု ၏ အဓိက အဆင်တန်ဆာ ဖြစ်သော ပုလဲဆံထိုးကို တပ်လိုက်သည်။ ပုလဲဆံထိုးသည် ထိုလူမျိုးစု၏ အဓိက အဆင်တန်ဆာဖြစ်သည့် အားလျော်စွာ အဓိပ္ပာယ် အမျိုးမျိုးဖြင့် ဆံထိုးကို အသုံးပြုကြသည်။ အိမ်ထောင်မရှိသူ လူပျို၊ အပျိုတို့ က ပုလဲဆံထိုး အဖြူရောင် ကို ဆင်မြန်းသည်။ အိမ်ထောင်ရှိသူတို့က ရွှေအို‌ေရာင်ပုလဲဖြင့် တန်ဆာဆင်ထားသော ဆံထိုးကို ဆင်သည်။ အမျိုးသား(သို့မဟုတ်)အမျိုးသမီး ဆုံးပါးသွားသူတို့ကမူ မဟူရာရောင် ပုလဲဖြင့် တန်ဆာဆင်ထားသော ဆံထိုးကို ဆင်မြန်းရသည်။
မိန်းမပျိုသည် အဖြူရောင်ပုလဲဖြင့် အလှဆင်ထားသော ဆံထိုးကို ‌ဆံထုံးတွင် ထိုးကာ ပုလဲပုတီးကို ဝတ်ဆင်လိုက်သည်။

အတိတ်ဟောင်း ပုံပြင်Where stories live. Discover now