စန္ဒရာ သည် နန်းပန်းကို တွေ့အောင်ရှာရမည်။
အကူအညီရလိုရငြား ပတ်ဝန်းကျင်ရှိလူတိုင်းကို လိုက်မေးနေသည်မှာ ပူပန်သောကစိတ်ကြောင့် အရူးအနှမ်း တစ်ဦးသဖွယ်ပင်။"ဖမ်းခေါ်သွားတာပဲ"
"လူကို မြင်လိုက်ရပါလား ခင်ဗျာ"
လူများထံမှ အချင်းချင်း တီးတိုးပြောသံများ ထွက်လာသည်။
"အနီရောင် .. သူ့ ဝတ်စုံက အနီရောင်"
အနီရောင် ဟူသော စကားကို ကြားသောအခါ စန္ဒရာသည် ဂန္ဓာရ ဒေသ မှ လူဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ထို့နောက် ကျေးဇူးတင်စကားကိုပင် ခတ်ပြတ်ပြတ်ဆိုကာ နန်းပန်းအားရှာရန်ထွက်သွားတော့သည်။
စန္ဒရာသည် နန်းပန်းမပါဘဲ အဏ္ဏဝါကျွန်းဆွယ် သို့ မပြန်နိုင်။ အကြောင်းရင်းသည် တာဝန်ကြောင့်မဟုတ်ဘဲ နန်းပန်းအပေါ်ထားရှိသော သံယောဇဉ်ကြောင့်ပင်ဖြစ်သည်။ နန်းပန်း အန္တရာယ် ကြုံလာရပါက မိမိကိုယ်ကိုပင် ခွင့်မလွှတ်နိုင်လောက်သည်အထိ ပူပန်စိတ်က ကြီးစိုးနေသည်။
စန္ဒရာသည် မြင်းကို အသည်းအသန်နှင်သည်။ နန်းပန်း၏ အမည်ကို အော်ခေါ်ရင်း စိုးရိမ်တကြီးဖြင့် လိုက်လံရှာသည်။
သို့သော် နန်းပန်း ကို မတွေ့ရသေး။
*******
မေ့မျောနေသော မိန်းမပျိုကို ပွေ့သယ်ကာ မြင်းကို ဒုန်းစိုင်း နှင်နေသော သူသည် အနီရောင်ဝတ်ရုံကို ဝတ်ထားသည်။ နီစွေးသော ဝတ်ရုံပေါ်တွင် နှင်းဆီပွင့် တစ်ပွင့်ကို ထင်ထင်ရှားရှားတွေ့ရသည်။ ထိုနှင်းဆီပွင့်သည် သေးငယ်သော အပွင့်ပင် ဖြစ်သော်လည်း ဝဲဘက်ရင်အုံပေါ်တွင် ရှိနေသောကြောင့် အလွယ်တကူပင် သတိထားမိနိုင်သည်။ မြင်းပေါ်တွင် အရက်သေစာများရှိနေကာ အိတ်အချို့လည်းရှိနေသေးသည်။ ထိုအိတ်တို့သည် အပြင်းနှင်လာသော မြင်းကြောင့် ပြုတ်ကျသည့်အိတ်က ကျသည်။ ပစ္စည်းတို့ကလည်း လွင့်စင်ကုန်သည်။ သို့သော် ထိုအမျိုးသားသည် လွင့်စင်သွားသော အရာကို ဂရုမထား။ မိန်းမပျိုကို သာ ဂရုစိုက် ပွေ့ချီရင်း လမ်းကိုသာ တည့်တည့်စိုက်ကြည့်သည်။ ထူထဲနေသော မျက်ခုံးတို့သည် အာရုံစိုက်နေသည့်ဟန်ကြောင့် အနည်းငယ် တွန့်ချိုးနေသည်။ မျက်လုံးအိမ်တို့သည် ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသည့်အတွက် စူးစူးရဲရဲ ဖြစ်နေသည်။တင်းတင်းစေ့ထားသော နှုတ်ခမ်းတွင် အသေအချာ ကြည့်မှ မြင်နိုင်လောက်သည့် အပြုံးခပ်ရေးရေးလည်းရှိနေပြန်သည်။
YOU ARE READING
အတိတ်ဟောင်း ပုံပြင်
Historical Fictionလူတစ်ယောက်ရဲ့ ချစ်ခြင်းက ဘယ်အတိုင်းအတာထိ တည်မြဲနေနိုင်ပါသလဲ။ တစ်နှစ်လား။ ဆယ်နှစ်လား။ ဒါမှ မဟုတ် .. ရာစုနှစ်တွေ အထိလား။ ဒီဇာတ်လမ်းလေးက ဟိုးအရင် အတိတ်တွေထဲက အဖြစ်အပျက်လေးတစ်ခု..။ ဒီအကြောင်းကို မှတ်တမ်းတင်ထားခဲ့ကြချင်လည်း ထားခဲ့ကြမယ်။ ဒါမှမဟုတ် လူသူမသိ...