အတိတ်ဟောင်းပုံပြင် (၈)

35 4 0
                                    

ရီယာသည် အသိစိတ်ကင်းမဲ့နေသည့် ပုံဖြင့် ထိုင်နေသည်။ ‌အသေအချာ စည်းနှောင်ခဲ့သော ဆံပင်တို့က ပြေလျော့ကျနေကာ အချို့ဆံပင်တို့သည် ပြန့်ကျဲလျက်ရှိသည်။ မျက်လုံးတို့က အဝေးတစ်နေရာသို့ ငေးကြည့်နေကာ ထိုမျက်လုံးတို့သည်အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေသည်။ စိတ်တိုလွယ်သော ရီယာသည် ထိုကဲ့သို့ ငြိမ်သက်နေလေ့မရှိတတ်ပေ။ ဒေါသဖြစ်လွယ်သော ရီယာသည် အမြဲတစေ ပေါက်ကွဲကာ ပစ္စည်းများကို လွှင့်ပစ်၍ဖြစ်စေ၊ အနီးမှ လူများကို မာန်မဲလျက်ဖြစ်စေ ‌ဒေါသကို ဖြေဖျောက်လျက်ရှိသည်။

ရှုံးနိမ့်ရသည်ကို ရီယာ မုန်းတီးလှသည်။ ထို့အတူ မအောင်မြင်ခြင်းကိုလည်း ရှုံးနိမ့်သည်ဟုသတ်မှတ်ထားသော ရီယာ့အဖို့ နန်းပန်းအား ခေါ်မလာနိုင်ခြင်းသည် ရှုံးနိမ့်ခြင်းဟု ယူဆဖွယ်အတိဖြစ်သည်။

ရီယာသည် နွန်းအား အမှတ်မရမီက နေ့နေ့ညည အပျော်မယ်တို့နှင့် ပျော်ပါးနေတတ်သည်။ သို့သော် နွန်းအား သတိတရရှိပြီးနောက်ပိုင်းတွင် ထိုအပျော်မယ်တို့ကို ရှိသည်ဟုပင် မမှတ်တော့ဘဲ နွန်းဟူသော အမျိုးသမီးကိုသာ တမ်းတနေတော့သည်။

"သူ့ကို မိန်းမတွေ ပေးထားတာပဲမလား၊ ကြိုက်သလောက် ပျော်ပါးစမ်း"

ရီယာ၏ ဖခင်ဖြစ်သူသည် ထို အပျော်မယ်တို့ကို ဝယ်ယူထားကာ သားဖြစ်သူ အတွက် ပေးထားခြင်းဖြစ်သည်။ နွန်းဟူသော တစ်ယောက်အား မေ့ပျောက်နိုင်ရန်အတွက် အပျော်မယ်များကို ဝယ်ယူကာ စိတ်ကြိုက်အသုံးချစေခြင်းဖြစ်သည်။ သို့သော်လည်း ထိုမိန်းကလေးတို့သည် ထိုအလုပ်ဖြင့် အသက်မွေးကြသူများမဟုတ်ဘဲ ရီယာ၏ စံအိမ်ရောက်မှသာ အပျော်မယ် ဖြစ်သွားရခြင်းဖြစ်သည်။ ရီယာသည် ထိုသူတို့အား စိတ်ကြိုက်ပျော်ပါးနိုင်သည်။ စိတ်တိုင်းကျ ခိုင်းစေနိုင်ကာ နောက်ဆုံးတွင် သတ်လိုပါကလည်း သတ်ပင်သတ်နိုင်သည်။

"အစ်ကို"

ခမ်းသည် ရီယာ၏ ပုံစံကို ကြည့်ကာ နာကျင်လာရသည်။ အမြဲတစေ မျက်နှာ တည်ကာ အရယ် အပြုံးနည်းစွာဖြင့် ရှိနေခဲ့သော ရီယာကို ယခုကဲ့သို့ အလဲလဲ အပြိုပြို ဖြစ်နေသည့် ပုံစံဖြင့် တွေ့ရခြင်းသည် ခမ်းအား နာကျင်စေသည်။ ရီယာသည် စစ်ရှုံး၍ပြန်လာသော စစ်သူကြီးတစ်ဦး၏ ပုံစံဖြင့်ပင် တူနေသည်။

အတိတ်ဟောင်း ပုံပြင်Where stories live. Discover now